ကယားပြည်နယ် အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
2016.06.24

ကယားပြည်နယ်အတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပြည်နယ်အစိုးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဒီနေ့ ကယားပြည်နယ် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးနဲ့ပြည်နယ်အတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့အဖွဲ့၂၈ ဖွဲ့တို့ ဟာ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အစိုးရ ငါးနှစ်သက်တမ်းကာလမှာ အရပ်ဘက်အဖွဲ့အစည်းနဲ့အစိုးရအကြား ပူးပေါင်းေဆာင်ရွက်မှု အားနည်းခဲ့ပြီး ရေရှည်မှာ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးတာဖြစ်တယ်လို့ ပြည်နယ် စီမံကိန်းရေးဆွဲရေးဌာန ညွန်ကြားရေးမှူး ဦးသန်းထွန်း က ပြောပါတယ်။
"လိုအပ်ချက်ကတော့ ဒီအဖွဲ့အစည်းတွေက သူဘာသာသူ သီးခြားမလုပ်ပဲနဲ့ပေါ့လေ၊ အစိုးရအဖွဲ့နဲ့ ပူးပေါင်း ပြီးတော့ ဆောင်ရွက်မှသာ ပိုပြီးတော့ လုပ်ငန်းအောင်မြင်မယ်လို့ ယူဆပါတယ်၊ ပြီးခဲ့တဲ့ကာလကတော့ ကျနော်တို့က ဒီဆောင်ရွက်နေတာကတော့ ဒီအဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အားနည်းတယ်လို့ပဲ မြင်ပါတယ်ခင်ဗျ၊ ရှေ့ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ အဓိကတော့ ပြည်သူလူထုမှာ ပိုပြီးတော့အကျိုးရှိလာမယ်လို့ မြင်ပါတယ်"
ကယားပြည်နယ်အတွင်းက မိုင်းအသိပညာပေး၊ ရေရှားပါးမှုပြဿနာ၊ စိုက်ပျိုးရေး နည်းပညာလိုအပ်မှု၊ ပညာရေး ဆိုင်ရာ လိုအပ်ချက် စတာတွေကို အဓိကဆွေးနွေးခဲ့ကြပြီး ပြည်နယ်အစိုးရနဲ့ချိတ်ဆက်လုပ် ဆောင်ရမယ့် လိုအပ်ချက်တွေကို ဆွေးနွေးပွဲမှာ အဓိကထားဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့အရပ်ဘက်အဖွဲ့အစည်းတွေ နှစ်လတစ်ကြိမ် တွေ့ဆုံဖို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေဘက်က တောင်းဆိုခဲ့ပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို ကယားပြည်နယ် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော် ဦးဆောင်တဲ့ ပြည်နယ် အစိုးရအဖွဲ့၊ UNDP ၊ Mercy Corps ၊ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းများဆိုင်ရာကွန်ရက်၊ ကရင်နီပြည် လူငယ်များသမဂ္ဂ၊ Actionaid စတဲ့အဖွဲ့အစည်း ၂၈ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။