တပ်က သိမ်းယူခဲ့တဲ့ မြေတွေပြန်ရလိုတယ်လို့ ရွာသားတွေ ပြော
2018.12.19

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော်က မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်ယဉ်တစ်စီး ထိခိုက်သွားတယ်ဆိုပြီး ကယားပြည်နယ် ဒီမောဆိုးမြို့နယ် ငွေတောင်ကျေးရွာက မြေဧက ၃၁ ဧကကျော်ကို ခလရ ၁၀၂ တပ်က သိမ်းယူခဲ့တာကြောင့် ဒေသခံရွာသားတွေ အိမ်ခြေယာမဲ့ဖြစ်နေကြောင်းနဲ့ အဲဒီ ကျေးရွာက သူတို့ရဲ့ မြေတွေကို ပြန်လိုချင်ကြောင်း ဒေသခံတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဒီမောဆိုးမြို့နယ် ငွေတောင်ကျေးရွာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသန်းဇော်ဦးက ခလရ ၁၀၂ တပ်က သိမ်းယူထားတဲ့ မြေတွေကို ဥပဒေနဲ့အညီပြန်လည် ရရှိအောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
ဒီမောဆိုးမြို့နယ် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီက ခလရ ၁၀၂ တပ်အနေနဲ့ အဲဒီ အိမ်ခြံမြေပေါ်မှာ တစ်စုံတစ်ရာ တိုင်းတာတာတွေ မပြုလုပ်ဖို့ အကြောင်းကြားစာ ပေးပို့ထားပေမယ့် တပ်မတော်ဘက်က နိုဝင်ဘာလကစပြီး အုတ်တံတိုင်းခတ်တာတွေကို ဒီဇင်ဘာလထိ ပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ ရပ်ဆိုင်းထားတယ်လို့ ဒီမော့ဆိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညဏ်လှိုင်က RFA ကို ဒီနေ့ ပြောပါတယ်။
ဒီမောဆိုးမြို့နယ် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေနဲ့ မြေယာအငြင်းပွားမှုဖြစ်ပေါ်နေတဲ့အတွက် အဲဒီကိစ္စအတွက် ဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအဆင့် ကိုတင်ထားပြီး ညွှန်ကြားချက်စောင့်နေတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ခလရ ၁၀၂ တပ်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ ။