ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တစ်လအတွင်း အရပ်သား ၁၈ ဦး သေဆုံး
2024.05.02

စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ ဧပြီလအတွင်း အရပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရလို့ သေဆုံးရသူ ၁၇ ဦးရှိပြီး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးရသူက တစ်ဦး ရှိခဲ့ပါတယ်။
၂၀၂၄ နိုဝင်ဘာလ မှာ စတင်တဲ့ တစ်လေးလုံး (၁၁.၁၁) စစ်ဆင်ရေးအပြီးမှာ ကယားပြည်နယ်အတွင်း စစ်ကောင်စီက အရပ်သား ပြည်သူတွေကို ပိုပြီးပစ်မှတ်ထားလာနေလို့ သေဆုံးမှု ပိုမြင့်တက်လာနေတာလို့ PKPF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိက အချက်သုံးချက် တွေ့ရပေါ့နော်။ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိမှန်တာတွေကြောင့် သေဆုံးတာတွေ ပိုများလာတဲ့အခြေ အနေကိုပိုတွေ့လာရပါတယ်”
မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေလည်း ပိုများလာပြီး ဧပြီတစ်လအတွင်းမှာပဲ မိုင်းကြောင့်သေဆုံးရသူ နှစ်ဦးရှိခဲ့တယ်လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၄ ဧပြီလ ၂၀ ရက်နေ့ နဲ့ ၂၃ ရက်နေ့တွေက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့တိုးခဲ့တဲ့ ဖယ်ခုံမြို့ ဟိန်းဓမနဲ့ ညောင်ကုန်းရပ်ကွက်က စစ်ဘေးဒုက္ခသည် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ငါးဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဖယ်ခုံကနေ မိုးဗြဲကိုစစ်ကူလာတဲ့ စစ်ကောင်စီရဲ့ စကခ (၇) လက်အောက်ခံ တပ်တွေဖြစ်တယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF ဘက်က ပြောဆိုထားပါတယ်။
ဧပြီတစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အယောက်သုံးဆယ်ကျော် သေဆုံးခဲ့သလို စစ်ကောင်စီဘက်က တစ်ထောင့်ငါးရာကျော် သေဆုံးခဲ့တယ်လို့ PKPFရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။
ဒီထုတ်ပြန်ချက်ပါ ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
PKPF ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လက်ထောက်ညွှန်ကြားရေမှူး ဦးဇာနည်မောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ဧပြီလ ၁ ရက်နေ့အထိ အရပ်သား ၆၅၀ အထိ သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အယောက် ငါးရာကျော် သေဆုံးခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။