မကွေးဆေးတက္ကသိုလ် ကျောင်းသား‌ခေါင်းဆောင် ကိုကောင်းဆက်နိုင် ထောင် ၁၅ နှစ် ချမှတ်ခံရ

RFA Burmese
2022.12.01
မကွေးဆေးတက္ကသိုလ် ကျောင်းသား‌ခေါင်းဆောင် ကိုကောင်းဆက်နိုင် ထောင် ၁၅ နှစ် ချမှတ်ခံရ မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုကောင်းဆက်နိုင်ကို တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ မကွေးမြို့ ဆေးတက္ကသိုလ်က ကျောင်းသားခေါင်းဆောင် ကိုကောင်းဆက်နိုင် ကို ကရင်ပြည်နယ် မြဝတီခရိုင်တရားရုံးက နိုဝင်ဘာ ၃၀ ရက် မနေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ- ၄၉ (က) နဲ့ ထောင် ၁၅ နှစ် အမိန့်ချလိုက်တယ်လို့ ကိုကောင်းဆက်နိုင်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုကောင်းဆက်နိုင်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်က မကွေးဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ် အပိုင်းနှစ် (Final Part 2) ကို တက်ရောက်နေသူ ဖြစ်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး မြို့ပြသပိတ်တွေမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ဆန္ဒပြပွဲတွေကို စစ်တပ်က အင်အားသုံးဖြိုခွင်းချိန်မှာ ပြောက်ကျားစနစ်နဲ့ သူဆက်လက်လှုပ်ရှားနေခဲ့တယ်လို့ ကိုကောင်းဆက်နိုင်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့မှာ အလုပ်ကိစ္စတစ်ခုနဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို အသွား မြဝတီနဲ့ လေးကေ့ကော်မြို့သစ်ကြားက စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တစ်ခုမှာ သူ အဖမ်းခံခဲ့ရတာပါ။ မြဝတီမြို့ သင်္ကန်းညီနောင် စစ်ဗျုဟာစခန်းမှာ တစ်ပတ်ကြာ နှိပ်စက်ညှဉ်းပန်းခံရပြီးတဲ့နောက် မြဝတီခရိုင် အချုပ်ထောင်မှာ အကျဉ်းချခံခဲ့ရပါတယ်။

အဲဒီနောက် CRPH၊ NUG၊ PDF အဖွဲ့တွေနဲ့ ဆက်သွယ်တယ်၊ လက်နက်ကိုင် အကြမ်းဖက်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ မြဝတီခရိုင်တရားရုံး ကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ - ၄၉ (က) တပ်ပြီး အမှုကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။

၁၁ လကျော် အမှုစစ်ဆေးပြီးတဲ့နောက် မနေ့ကတော့ ကိုကောင်းဆက်နိုင်ကို မြဝတီ ခရိုင်တရားရုံးကနေ ထောင် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူ့ရဲ့ သူငယ်ချင်းတစ်ဉီးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

"စစ်ကြောရေးဆိုတော့ စစ်ကြောရေးအတိုင်း ဖမ်းဆီးနှိပ်စက်တာတွေ ရှိမှာပါ။ ဒီလောက်ပဲ ကျနော်တို့ သိတယ်ဗျ။ စစ်ကြောရေးက ထွက်တော့ သူ့ကို မြဝတီ အချုပ်ထောင်မှာ ဆက်လက် ချုပ်နှောင်ထားတယ်လို့ ကျနော်တို့ ကြားရတယ်။ တစ်နှစ်ဝန်းကျင်လောက် ချုပ်နှောင်ထားတယ်။ နိုဝင်ဘာ ၃၀ မနေ့က သူ့ကို အကြမ်းဖက်ပုဒ်မ - ၄၉ (က) နဲ့ CRPH၊ NUG၊ PDF တွေကို ထောက်ပံ့ပေးတယ် ဆိုပြီးတော့ ထောင်ဒဏ် ၁၅ နှစ် ချလိုက်ပါတယ်"

မကွေးတိုင်းဇာတိ ကိုကောင်းဆက်နိုင်ဟာ မိသားစုနဲ့ ဝေးကွာတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အဖမ်းခံရပြီး အဲဒီမှာပဲ တစ်နှစ်ကျော်ကြာ ချုပ်နှောင်ခံထားရတာကြောင့် အစောပိုင်းမှာ မိသားစုနဲ့ အဆက်အသွယ် လုံးဝမရခဲ့ဘူးလို့ မိတ်ဆွေတွေက ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ မိသားစုက မြဝတီအထိ လိုက်လာပြီး သူ့ကို မြဝတီအချုပ်ထောင် ကနေ နောက်ထပ် ဘယ်အကျဉ်းထောင်ကို ပြောင်းရွှေ့မလဲဆိုတာကို တရားရုံးနဲ့ နီးစပ်သူတွေထံ စုံစမ်းမေးမြန်းနေတယ်လို့ ကိုကောင်းဆက်နိုင်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာ ၃၀ ရက်နေ့ အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၆,၄၇၂ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၁၃,၀၀၂ ဦး အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။