မြေယာပြန်ရဖို့နဲ့ စက်ရုံတွေ ပိတ်သိမ်းဖို့ ထီးချိုင့်မှာ ဆန္ဒပြ
2016.11.10

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိနေတဲ့ တကောင်းနီကယ်စက်ရုံနဲ့ ဂရိတ်ဝေါ သကြားစက်ရုံ ၆ ရုံကနေ သိမ်းဆည်းထားတဲ့ မြေတွေ ပြန်ရရှိဖို့အတွက် ထီးချိုင့်မြို့နဲ့ ကသာမြို့ က ဒေသခံ ၃၀၀ နီးပါး ဒီနေ့ ဆန္ဒပြကြပါတယ်။
မြေတွေကို သိမ်းယူခဲ့တုန်းက စနစ်တကျ သိမ်းယူခဲ့တာမျိုးမဟုတ်တဲ့အပြင် စက်ရုံတွေက ထွက်ရှိလာတဲ့ စွန့်ပစ်ရေ၊ မြေစာတွေဟာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာကြောင့် အဲဒီစက်ရုံတွေကို အပြီးဖျက် သိမ်းပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးထွန်းနိုင်က ပြောပါတယ်။
"ဥပဒေမဲ့ နီကယ်စက်ရုံဖျက်သိမ်းရေးဆိုတာ လယ်ယာမြေသိမ်းထားတာ စနစ်တကျ သိမ်းထားတာ မဟုတ်ပါဘူး။ နီကယ်စက်ရုံဆိုတာက ကျောက်မီးသွေးသုံး စက်ရုံဖြစ်နေတာ။ အဲဒီမှာ လေထုသန့်စင်တာတို့ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းထားခြင်း လုံးဝမရှိပါဘူး။ စက်ရုံမြေပြန့်မှာ တောင်သူလယ်သမားတွေ လုပ်ကိုင်စားသောက်နေ တဲ့ လယ်ယာမြေတွေပေါ်ကို တောင်ပေါ်က မြေနီတွေကျတာပေါ့ဗျာ။ ကျနော် တို့တောင်သူတွေ လုပ်စားတဲ့ ကွင်းထဲကို အဲ့ဒါကြောင့် ဥပဒေမဲ့ နီကယ်စက်ရုံလို့ ကြွေးကြော်တာပါ"
ဂရိတ်ဝေါသကြားစက်ရုံအတွက် မြေဧက ၃ သိန်းကျော်ကို ၂၀၀၅ ခုနှစ်က သိမ်းယူခဲ့ပြီး နီကယ်စက်ရုံအတွက် လယ်ယာမြေ ၃ ထောင်ကျော်ကို ၂၀၀၈ ခုနှစ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။
သိမ်းဆည်းခံရတဲ့ မြေယာတွေပြန်ရဖို့အတွက် ၂၀၁၅ ခုနှစ်ကနေပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စာပို့တောင်းဆိုပေမယ့် အခုချိန်အထိ ဖြေရှင်းပေးတာမရှိတာကြောင့် ဆန္ဒပြရတာဖြစ်တယ်လို့ ပြောပါတယ်။
ဆန္ဒပြသူတွေဟာ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး၊ ဥပဒေမဲ့တည်ဆောက်ထားတဲ့ နီကယ်စက်ရုံ ဖျက်သိမ်းရေး၊ ဥပဒေမဲ့ ဂရိတ်ဝေါစက်ရုံ ၆ ရုံ ဖျက်သိမ်းရေး၊ တိုင်းရင်းသားတို့ရဲ့ဘ၀ လုံခြုံရေး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပါစေ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာပါစေ စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။