အာဏာသိမ်းကာလအတွင်း အရပ်သား ၄၅၇ ဦး သေဆုံးခဲ့ကြောင်း PKPF ပြော

RFA Burmese
2024.02.01
အာဏာသိမ်းကာလအတွင်း အရပ်သား ၄၅၇ ဦး သေဆုံးခဲ့ကြောင်း PKPF ပြော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ကရင်နီစစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အရပ်သား ၄၅၇ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၄၉ ဦးပါဝင်ပြီး ကျန်တဲ့သူတွေက စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကြောင့်လို့ PKPF က ဆိုပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပေါင်း ၉၆၀ ဖြစ်ခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ၄၇၇ ဦး သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ၂၉၈၆ ဦးအထိ သေဆုံးခဲ့တယ်လို့ PKPF က ဆိုပေမဲ့ ဒီအချက် အလက်အပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

အာဏာသိမ်းသုံးနှစ်တာ ကာလအတွင်း တိုက်ပွဲကြောင့် စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ စစ်ကောင်စီ တပ်ကအသုံးပြုတဲ့ ကား ၆၈ စီး ပျက်စီးခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂၀၃ ကြိမ် အထိလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရေးအဆောက် အအုံ ၄၈ လုံး၊ ဆေးရုံ ဆေးခန်း ၁၄ လုံး၊ စာသင်ကျောင်း ၂၂ လုံးနဲ့ လူနေအိမ် ၂၃၇၅ လုံး ပျက်စီးခဲ့ရတယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီထုတ် ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွေထဲမှာ စစ်ကောင်စီက ဖမ်းဆီးတာ ခံထားရသူ ၁၅၂ ဦးရှိပြီး အဲဒီထဲမှာသေဒဏ် ကျခံထားရသူ သုံးဦးနဲ့ ထောင်ဒဏ်တစ်သက် ကျခံထားရသူ ခုနှစ်ဦးအထိရှိတယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။