ကရင်ဒုက္ခသည် လေးသိန်းနီးပါးအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း အရေးပေါ်လိုအပ်

2022.10.27
ကရင်ဒုက္ခသည် လေးသိန်းနီးပါးအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း အရေးပေါ်လိုအပ် ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: KNU

ကရင်ဒုက္ခသည် လေးသိန်းနီးပါးအတွက် အစားအစာထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၇ သန်း အရေးပေါ်လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း CBO က ဒီနေ့ အစီရင်ခံစာတစ်စောင် ထုတ်လိုက်ပါတယ်။

ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဆိုတော့ ဒုက္ခသည်အရေအတွက်က တိုးလာတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတာလို့ ကရင်အမျိုးသမီး အစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ကညောဖောက ပြောပါတယ်။

“ဒီ လိုအပ်တဲ့ ဒေါ်လာ ၁၇ သန်းဆိုတာ ဒုက္ခသည်တစ်ယောက်ကို အများဆုံး သုံးလစာ ထောက်ပံ့နိုင်ဖို့ပဲ တွက်ချက်ထားတဲ့ပမာဏပါ”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင်ခရိုင်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းနိုင်ငံ အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းတွေက အစားအသောက်တွေ အဓိက ကူညီထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီကနေ ၂ဝ၂၂ ဇူလိုင်လအတွင်း ဒုက္ခသည် လေးသိန်းနီးပါးကို အမေရိကန်ဒေါ်လာ ၈.၇ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ နော်ကညောဖောက ပြောပါတယ်။

နယ်စပ်ကနေ အခြေခံစားနပ်ရိက္ခာတွေ ပို့ဆောင်ဖို့ အခက်အခဲဖြစ်တဲ့ နေရာတွေအတွက် ငွေကြေးကို အဓိကထား ထောက်ပံ့ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ လပေါင်း ၂၀ အတွင်း ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ နှစ်ခုမှာ တိုက်ပွဲပေါင်း ခုနစ်ထောင်နီးပါး ဖြစ်ပွားခဲ့တယ်လို့ KNU က ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ နော်ကညောဖောက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ အာဏာမသိမ်းခင် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်ရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သန်းနဲ့ လေးသိန်းအထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာလ ၂၆ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။