ညောင်လေးပင်ခရိုင်မှာ အခုလအတွင်း ဒေသခံ နှစ်ဦး သေဆုံးပြီး ဒုက္ခသည် နှစ်သောင်းကျော်တိုးလာ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲမှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နှစ်ဖက် တိုက်ပွဲတွေအတွင်း ဒေသခံ နှစ်ဦး သေဆုံးပြီး စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်အထိ တိုးလာတယ်လို့ KNU က စက်တင်ဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်ကလည်း မုန်းမြို့နယ်၊ တခေါ့ပွာရွာဒေသခံ စောရော်ဘင်ထူးဟာ ရွာထဲမှာ သူမွေးထားတဲ့ တိရိစ္ဆာန်တွေကို အစာပြန်လာကျွေးချိန် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် လည်ပင်းကိုကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
အလားတူ စက်တာဘာလ ၁၉ ရက် မနေ့က ထုတ်ပြန်ချက်ထဲမှာလည်း ပြီးခဲ့တဲ့ စက်တင် ဘာလ ၁၇ ရက်နေ့က မုန်းမြို့နယ် တောင်စုရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ၉ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ရွာထဲမှာ ရိက္ခာပြန်ယူတဲ့ ဒေသခံတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလ သုံးပတ်နီးပါးအတွင်း ကျောက်ကြီး၊ မုန်းနဲ့ ရွှေကျင်မြို့နယ်တွေကနေ စစ်ဘေး ဒုက္ခသည် အိမ်ထောင်စုပေါင်း ၃၇၆၄ စု၊ လူဦးရေအားဖြင့် စုစုပေါင်း ၂၀၉၄၃ ဦးအထိ ထပ်တိုးလာတယ်လို့ KNU က ဆိုပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့နဲ့ ၁၃ရက်နေ့က တောင်စုရွာနဲ့ နိုကူရွာ ဒေသခံတွေကို ရွာထဲ ကနေ ထွက်ခွာဖို့ စစ်ကောင်စီတပ်ဘက်က အမိန့်ပေးခဲ့တာကြောင့် တောင်စုရွာကက အိမ်ထောင်စု ၅၈ စု လူဦးရေ ၃၄၅ ဦးနဲ့ နိုကူရွာက အိမ်ထောင်စု ၁၆၇ စု လူဦးရေပေါင်း ၉၄၅ ဦး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ရွာတွေထဲဝင်ရောက်ပြီး ဒေသခံတွေကို အမြန်ထွက်ခွာဖို့ အတင်းအဓမ္မ အမိန့်ပေး ခြိမ်းခြောက်တာတွေ ရှိလာတယ်လို့ လုံခြုံရေးအရ အမည်မဖော် တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီရက်ပိုင်းတွေအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ရွာတွေကိုဝင်ပြီး ရွာလုံးကျွတ်ကို အတင်းအဓမ္မ မောင်းထုတ်နေတာတွေ ရှိလာတယ်။ ရွာခံတွေကလည်း ကြောက်တော့ ထွက်ပြေးကြရတာပေါ့။ သူတို့ပြောတာ မလုပ်ရင်လည်း အဖမ်းခံရမှာဆိုတော့ ဘေး လွတ်ရာပဲ သွားကြရတာပေါ့”
စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း တခေါ့ပွာရွာထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တခေါ့ပွာရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အခုနှစ် စက်တင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲ တွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၁ ဒသမ ၃ သန်းကျော်ရှိလာ ပြီ ဖြစ်ပါတယ်။