မြိုင် ကံသစ်ရွာခံနှစ်ဦး အသတ်ခံရပြီး လူနှစ်ဆယ်ခန့် ဖမ်းဆီးခေါ်ဆောင်ခံရ

RFA Burmese
2024.05.09
မြိုင် ကံသစ်ရွာခံနှစ်ဦး အသတ်ခံရပြီး လူနှစ်ဆယ်ခန့် ဖမ်းဆီးခေါ်ဆောင်ခံရ မကွေးတိုင်း မြိုင်မြို့နယ် ကံသစ်ရွာမှ နေအိမ်များ မီးရှို့ခံရသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့က တွေ့ရစဥ်။
နွေဦးတော်လှန်ရေး - ​မြိုင်မြို့

မကွေးတိုင်း မြိုင်မြို့နယ် ကံသစ်ရွာကို မေလ ၈ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန် ရွာသားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ် ရွာသားနှစ်ဆယ်ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပခုက္ကူမြို့ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကနေ အင်အား ၈၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကြောင်းက ကံသစ်ရွာကို မေလ ၈ ရက်နေ့ မနက် ၅ နာရီခန့်လောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဦးနန်းအောင်နဲ့ ဦးအောင်ဇော်ဦးတို့ ဖြစ်တယ်လို့ နွေဦးတော်လှန်ရေး (မြိုင်မြို့) က တာဝန်ရှိသူ ကိုဇူးအီက RFA ကို ပြောပါတယ်။

"စစ်တပ် ရွာထဲဝင်တဲ့အချိန် သူတိုနဲ့ ပက်ပင်းတိုးပြီး ဖမ်းခံရတာပေါ့ဗျာ။ ယောကျ်ားလေးလည်းဖြစ်တယ်၊ အရွယ်ကောင်းလည်းဖြစ်တာဆိုတော့ ကျွန်တော်တို့ဘက် ထုံးစံအတိုင်း PDF ဘာညာ စွပ်စွဲပြီးတော့ နှိပ်စက်သတ်ဖြတ်ခံရတာ။ သူတို့ရဲ့ အလောင်းတွေမှာဆိုလည်း မသေခင်မှာ ရိုက်ပြီးနှိပ်စက်ခံထားရမျိုးဆိုတော့ ဦးခေါင်းခွံတွေဆိုလည်း ပျော့နေတာဗျ။ တစ်ယောက်ကိုကျတော့ ခေါင်းကိုပစ်သွားတယ်။ တစ်ယောက်ကိုကျတော့ ပါးစပ်ထဲကိုတေ့ပြီး ပစ်သွားတဲ့ အနေအထားဗျ"

ကံသစ်ရွာက အမျိုးသား၊ အမျိုးသမီး နှစ်ဆယ်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၉ ရက် ဒီနေ့ မနက်ပိုင်းအထိ ကံသစ်ရွာနဲ့ သုံးမိုင်ခန့်အကွာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ကန်တော်ရွာ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က ကံသစ်ရွာက နေအိမ် ၁၃ လုံးနဲ့ ရွာဝန်းကျင်မှာရှိတဲ့ PDF စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆိုင်ကယ်က ရှစ်စီး။ ကျည်က ၁၅၀၀ ကျော်ပါသွားတယ်။ ငွေသားကလည်း သိန်း ၈၀၀ လောက်ပါသွားတယ် ပြောတယ်။ ကျန်တဲ့ကလေးတွေ အကုန်ပြေးကြတယ်။ ဒီတစ်ယောက်မှ ဘယ်လိုကျန်လို့ ကျန်သွားမှန်း မသိဘူးတဲ့။ သူ့ကိုတော့ မသတ်ဘူး ခေါ်သွားတယ်"

အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ကံသစ်ရွာမှာ ရွာလုံးကျွတ်တိမ်းရှောင်နေရပြီး ဒီကနေ့ ဧပြီလ ၉ ရက်နေ့အထိ ရွာထဲမဝင်ရဲဘဲရှိနေသေးတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၈ ရက်နေ့ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက အရပ်သား ငါးထောင်နီးပါး (၄,၉၇၆ ဦး) သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။