ကန့်ဘလူမှာ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်လေးရာခန့် မီးရှို့ခံရ
2024.10.31

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျောက်တိုင်နဲ့ ကျီစုရွာတွေကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်း စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်လေးရာခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကာဘိုးရွာက ထွက်လာတဲ့ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းဟာ မနေ့ကနေ့လယ်ပိုင်းမှာ အနီးတစ်၀ိုက် ရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ပြီးနောက် အဲဒီရွာနှစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဘာသာရေးဆောက်အအုံလေးခုအပါအဝင် ရွာနှစ်ရွာပေါင်းက နေအိမ် လေးရာခန့် မီးရှို့ခံရတာလို့ ကျီစုရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုတစ်လောလေးကတော့ ကာဘိုးမှာ ပစ်ခတ်တာတွေ ဖြစ်လိုက်သေးတယ်။ မနေ့ကဆို ဘာတိုက်ပွဲမှမရှိဘဲ ကျွန်တော်တို့ရွာကို ဒရုန်းနဲ့ချတယ်။ ကျွန်တော်တို့ ပြည်သူတွေက ဒရုန်းချနေတဲ့ ဗုံးရဲ့ အောက်ကနေ ထွက်ပြေးရတယ်။ ပြည်သူထွက်ပြေးသွားတော့ သူတို့က ဝင်မီးရှို့သွားတယ်။ ကျီစုရွာက အိမ်နှစ်ရာ လောက် ပါသွားတယ်။ ဘုန်းကြီးကျောင်း နှစ်ကျောင်းစလုံးကတော့ ပြာကျသွားတယ်ဗျ။ ကျွန်တော်တို့ မွတ်စလင်တွေရဲ့ ဗလီနှစ်ခုကတော့ ပြာကျတဲ့အထိတော့ မဟုတ်ဘူးပေါ့ဗျာ။ သုံးလို့မရတော့ ဖြိုချရမဲ့ အနေအထားပေါ့ အခုမီးရှို့ခံရတဲ့ အိမ်တွေဆိုတာက ရွာလုံးကျွတ် မီးရှို့ခံရလို့ အလှူခံပြီး ပြန်ဆောက်ထားတဲ့ ထန်းရွက်တဲလေးတွေပါဗျ။ ကျောက်တိုင်ရွာကလည်း လက်ကျန် အိမ်ခြေ နှစ်ရာလောက် ပြောင်သွားတယ်လို့ သိရတယ်”
လက်ရှိအချိန်ထိ ကျီစုရွာမှာ နေအိမ်တွေ မီးမငြိမ်းသေးသလို ကျောက်တိုင်ရွာကိုလည်း ဝင်လို့မရသေးတာကြောင့် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
အိမ်ခြေ ကိုးရာခန့်ရှိတဲ့ ကျီစုရွာဟာ အာဏာသိမ်းကာလအတွင်း နှစ်ကြိမ်မီးရှို့ဖျက်ဆီးခံထားရတာကြောင့် အိမ်ခြေ ခုနစ်ရာနီးပါးနဲ့ ဗလီတစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အခုတစ်ကြိမ်က သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရ တာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တိုင်ရွာကတော့ စစ်ကောင်စီတပ်ရဲ့ ပထမအကြိမ် မီးရှို့ဖျက်ဆီးခံရစဉ်က နေအိမ် ၁၇၃ လုံးနဲ့ ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင် တစ်ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ် ။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါ သူ့အနေနဲ့ အသေးစိတ်မသိရသေးကြောင်း ပြောဆိုပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ အဲဒီစစ်ကြောင်းက မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာက ခရစ်ယာန် ဘုရားကျောင်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်ရောက်ချိန် အိုင်ပေါင်းချောင်ရွာက အရပ်သား ၃၇ ဦးလည်းဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအခြေစိုက်တဲ့ ကာဘိုးရွာကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထိုး မီးရှို့ခံရတာကြောင့် ကန့်ဘလူ၊ ရေဦး၊ ခင်ဦး မြို့နယ်သုံးခုအစပ်မှာရှိတဲ့ ကျောက်တိုင်၊ ကျီစု၊ မုံလှ၊ ပင်စိမ်းခင်း၊ ယင်းတိုက်၊ အောင်ချမ်းသာ စတဲ့ရွာတွေက ဒေသခံ သုံးသောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။