ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဦးကျော်ဇေယျ အဖမ်းခံရ

RFA Burmese
2022.12.24
ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဦးကျော်ဇေယျ အဖမ်းခံရ ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျကို တွေ့ရစဉ်။
Citizen Journalist

ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ဒီနေ့မနက် အစောပိုင်း ၃ နာရီမှာ ကြို့ပင်ကောက်မြို့က နေအိမ်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ လာဖမ်းသွားတယ်လို့ ဦးကျော်ဇေယျရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ ဒီမနက် ၃ နာရီလောက်မှာ သူနေတဲ့ ကြို့ပင်ကောက်ကအိမ်မှာ စစ်တပ်နဲ့ ရဲတွေ လာခေါ်သွားတယ်လို့ သိရတယ်။ အခုကတော့ ကြို့ပင်ကောက် ရဲစခန်းမှာပဲ ရှိသေးတယ်။ သူက ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ကတည်းက ရှောင်နေရတာ။ စစ်ကြောရေးတွေ ဘာတွေမှာ သူတစ်ခုခု ဖြစ်မှာကိုတော့ စိုးရိမ်တယ်”

ကမ္ဘောဇတိုင်းသတင်းဌာန ထုတ်ဝေသူ အပါအဝင် အယ်ဒီတာအဖွဲ့ဝင်တွေကို စစ်ကောင်စီက ပုဒ်မ-၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် လေးဦး အဖမ်းခံခဲ့ရပေမယ့် ဦးကျော်ဇေယျကတော့ ထွက်ပြေးတိမ်းရှောင်ရင်း အလုပ်လုပ်နေခဲ့တာလို့ ဆိုပါတယ်။

ဦးကျော်ဇေယျရဲ့ဇနီး တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်နဲ့ မောင်ဖြစ်သူ စိုင်းစည်သူ အပါအဝင် ထုတ်ဝေသူ ကိုတင်အောင်ကျော်နဲ့ သတင်းထောက် နန်းဝင်းရီတို့ကတော့ ၂၀၂၁ ခုနှစ်၊ မတ် ၂၄ ရက်ကတည်းက အဖမ်းခံခဲ့ရတာပါ။

အဲဒီလေးဦးကိုတော့ ဖမ်းဆီးထားပြီး ၈ လကျော်အကြာမှာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုပုဒ်မနဲ့ စွပ်စွဲပြီး ညောင်ရွှေအကျဉ်းထောင် အထူးတရားရုံးကနေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာတော့ စုစုပေါင်း ထောင်ဒဏ်သုံးနှစ်မှာ အယူခံနိုင်ပြီး ထောင်ဒဏ် ၂ နှစ် ဖြစ်သွားတာကြောင့် ပြစ်ဒဏ်စေ့တဲ့အတွက် လေးဦးစလုံး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်ဒီဇင်ဘာလအထိ သတင်းသမားပေါင်း ၁၅၁ ဦး အဖမ်းခံခဲ့ရပြီး ၉၅ ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ၅၅ ဦးကတော့ အကျဉ်းထောင်တွေထဲမှာ ကျန်နေပါတယ်။

ဓာတ်ပုံသတင်းသမား တစ်ဦးဖြစ်သူ ကိုစိုးနိုင်ကတော့ ဖမ်းဆီးခံထားရချိန်အတွင်းမှာပဲ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။