ပါတီကို ဆက်လက်ဝန်းရံသွားမယ်လို့ ဦးကျော်ဇေယျ ပြော


2018.09.02
kyawzayya-622 ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာမယ့်ရွေးကောက်ပွဲတွေမှာ ဆက်လက်ဝန်းရံသွားမယ်လို့ NLD ပါတီရဲ့ ဒဂုံမြို့နယ် အလုပ်အမှုဆောင်တာဝန်တွေကနေ မနေ့က ရပ်ဆိုင်းခံလိုက်ရတဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

သူ့အနေနဲ့ ပါတီတာဝန်တွေမရှိတော့ပေမယ့် ပါတီဝင်အဖြစ် ဆက်ရှိနေဦးမယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

"ကျနော်ကတော့ ၂၀၂၀ လည်းပါတီကိုဝန်းရံပေးမှာပါ၊ ရွေးကောက်ပွဲ မပြိုင်ခဲ့သည့်တိုင်အောင်၊  လွှတ်တော် ထဲမှာပဲ ကျနော့်ရဲ့ကြယ်ပွင့်ပြမေးခွန်းတွေ၊ ကျနော်တင်တဲ့အဆိုတွေ ပိတ်ဆို့ထားမယ်၊ ရပ်ဆိုင်းထားမယ် ဆိုရင်တော့ မကောင်းဘူးလေ၊ ဒီနောက်ဆွဲမှာ နည်းမှန်လမ်းမှန်နဲ့ မေးတဲ့မေး ခွန်းတွေမဖြေမှာကို စိုးရိမ်တာပါ"

ဦးကျော်ဇေယျအပြင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်တို့ကို မြို့နယ်ပါတီ အလုပ်အမှုဆောင် တာဝန်တွေကနေ NLD ပါတီက မနေ့က ရပ်စဲခဲ့တာဖြစ်ပါတယ်။

တာဝန်ရပ်စဲကြောင်း ပေးပို့တဲ့စာထဲမှာ ဘယ်လိုအကြောင်းကြောင့် ရပ်စဲတယ်ဆိုတာ မဖော်ပြထားဘဲ သြဂုတ်လ ၂၅ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရလို့သာ ပါဝင်ပြီး သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက လက်မှတ်ရေးထိုးတယ်လို့ သိရပါတယ်။

သတင်းမီဒီယာတွေမှာ မပြောဆိုဖို့ သတ်မှတ်ထားတဲ့ ပါတီစည်းကမ်းနဲ့ မညီလို့ အရေးယူခံရတာဖြစ်နိုင်ကြောင်း အဲဒီလိုအရေးယူမှုအပေါ် အယူခံဝင်လို့ရပေမယ့် သူ့အနေနဲ့ ဝင်မှာမဟုတ်ကြောင်း ဦးကျော်ဇေယျက ပြောပါတယ်။

ဦးကျော်ဇေယျနဲ့ ဒေါ်သက်သက်ခိုင်တို့ဟာ သက်ဆိုင်ရာ လွှတ်တော်တွင်းမှာ အစိုးရရဲ့  အားနည်းချက်တွေအပေါ် ဝေဖန်ထောက်ပြတာတွေရှိသလို လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးအခြေအနေတွေနဲ့ ဆက်စပ်ပြီး သတင်းမီဒီယာတွေမှာ ဝေဖန်ထောက်ပြဖြေကြားလေ့ရှိသူတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။