ကန့်ဘလူမှာ ဒရုန်းဗုံးကြောင့် အရပ်သားခြောက်ဦး သေဆုံး
2024.09.28

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဒရုန်းဗုံးတွေ ကြဲချတာနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂၈ ရက် ဒီနေ့မှာ ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ် မှန်နီပင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဗုံးတွေ ကြဲချတာကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးခဲ့သလို စက်တင်ဘာ ၂၇ ရက် မနေ့ကလည်း ရေရှင်ကြီးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီ့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးတဲ့ အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံရတာကြောင့် နှစ်ရက်အတွင်း သေဆုံးသူ ခြောက်ဦးအထိ ရှိလာတာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက် ဒရုန်းဗုံးချလို့ မှန်နီပင်က အမျိုးသမီး သုံးယောက်နဲ့ ကလေးတစ်ယောက်ပါ ဆုံးတယ်။ အသေးစိတ်ကို ဆက်လိုက်တုန်းပါ။ မနေ့ကရောပေါင်းရင် အသတ်ခံရတာရော ဒရုန်းဗုံးချတာရော အားလုံး ခြောက်ယောက်ပါ။ မလယ်(ရွာ) က စစ်ကြောင်းထွက်ချင်လို့ ပတ်မွှေနေတာ ဖြစ်နိုင်ပါတယ်ဗျ”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စက်တင်ဘာလ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ကန့်ဘလူမြို့ အခြေစိုက် အမှတ် (၆၀၀၆) တပ်ရင်း ကတက်လာတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စင်းနဲ့ ကောလင်းမြို့နယ် အနောက်ခြမ်းက ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ကောလင်းဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ် အနောက်ခြမ်းရွာတွေ ဖြစ်တဲ့ ဥက္ကံ၊ ချောင်းနား၊ မိုးနှံ၊ သရက်ချဉ်၊ မူးတိမ်နဲ့ တဂေါင်းအိုင် စတဲ့ရွာတွေက ဒေသခံငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။