ကမ္မမြို့ စီးနင်းခံရပြီး ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ
2024.12.26
မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့ပေါ်နဲ့ အနီးတစ်ဝိုက်ရွာတွေကို ဒီဇင်ဘာလ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းနေတာကြောင့် လူဦးရေ ငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကမ္မမြို့ပေါ် အပါအဝင် ပြည့်အိုင်၊ အင်ကြင်းပင်၊ သရက်ကန်နဲ့ ချောင်းဦး စတဲ့ရွာတွေက ဒေသခံတွေက ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ပခုက္ကူမြို့ကလာတဲ့ အင်အားနှစ်ရာခန့်ပါ စစ်ကြောင်းဟာ ကမ္မမြို့ပေါ်အထိ ဝင်ရောက်စီးနင်းနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့လည်း ရှောင်နေရတယ်။ သူတို့ မနေ့က မနက်ကစလို့ အကုန်လုံးဖြန့်ပြီးတော့ ကမ္မမြို့ထဲကို ဝင်တော့တာ။ ဈေးထဲ၊ အုတ်ကျောင်းဘုရားထဲ၊ ရေလယ်ကျောင်းဘုန်းကြီးကျောင်းထဲမှာရော သုံးဖွဲ့ခွဲပြီးတော့မှ နေရာယူထားတယ်ဗျ။ ဘုန်းကြီးကျောင်းတွေနဲ့ ဈေးထဲတွေအထိကို ပတ်မွှေနေတာဗျ"
မြို့ပေါ်မှာ ဒေသခံတချို့ကတော့ အိမ်တံခါးပိတ်နေကြသူတွေရှိသလို အများစုက မြစ်ခြေမြို့နဲ့ နီးစပ်ရာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က မြို့ပေါ်ရဲစခန်းနဲ့ စာသင်ကျောင်းထဲမှာ နေရာယူထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ပေါက်မြို့နယ်ဘက်ကို ရိက္ခာပို့ဆောင်ဖို့နဲ့ ပခုက္ကူမြို့နယ်ထဲက ပျူစောထီး လက်နက်ကိုင်တွေရှိနေတဲ့ ရွာတွေကို ကာကွယ်ဖို့အတွက် အခုလို လုပ်ဆောင်နေတာလို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးမီးရှို့လို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဆယ်ရက်အတွင်း ရွာငါးရွာက နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။