ကလေးခရိုင် ပညာရေးမှူးရုံး မီးရှို့ခံရ

2021.12.24
ကလေးခရိုင် ပညာရေးမှူးရုံး မီးရှို့ခံရ စစ်ကိုင်းတိုင်း ကလေးခရိုင် ပညာရေးမှူးရုံး မီးလောင်နေတာကို တွေ့ရစဉ်
Photo - Citizen Journalist
စစ်ကိုင်းတိုင်း ကလေးမြို့ စမ်းမြို့ရပ်ကွက်မှာရှိတဲ့ ခရိုင်ပညာရေးမှုးရုံး ဒီဇင်ဘာ ၂၃ ရက် မနေ့ညက မီးရှို့ခံ လိုက်ရတယ်လို့ ကလေးခရိုင်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
 
ခရိုင်ပညာရေးမှူးရုံးမှာရှိတဲ့ အခန်းအားလုံး တပြိုင်နက်တည်း မီးလောင်တာကြောင့် ဒါဟာ ရှို့မီးဖြစ်တယ် လို့လည်း အဲဒီ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
"မီးလောင်မှု အကြောင်းအရင်းကတော့ အခန်းတိုင်းအခန်းတိုင်းမှာ တပြိုင်တည်းလောင်တာဆိုတော့ ရှို့တာ။ တစ်စုံတစ်ခုကြောင့်မို့ လောင်တယ်ဆိုရင် တစ်နေရာပြီးမှ တစ်နေရာလောင်တာလေ။ အခုဟာက အဆောက်အအုံတစ်ခုလုံးက တပြိုင်တည်းလောင်တာ"
 
အခုလို မီးရှို့ခံရတာဟာ အစောင့်ဝန်ထမ်း ထမင်းစားပြန်တဲ့အချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ မီးရှို့သူတွေဟာ ဘယ်သူတွေဆိုတာကို အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
 
ဒီမီးရှို့မှုကြောင့် အဆောက်အအုံတစ်ခုလုံး မီးလောင်ကျွမ်းသွားပြီး အတွင်းပစ္စည်းတွေအားလုံးလည်း မီးထဲကိုပါသွားတယ်လို့ ဆိုပါတယ်။
 
မီးစတင်လောင်ကျွမ်းချိန်ကပင် မီးသတ်ကား ခြောက်စီးနဲ့ ငြှိမ်းသတ်ခဲ့ရပြီး လူတွေကိုထိခိုက်မှုမရှိဘဲ ရှစ်နာရီအချိန်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း ကလေးခရိုင် မီးသတ်တာဝန်ရှိသူက ပြောပါတယ်။
 
ကလေးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မြို့နယ်ပညာရေးမှုးရုံး၊ ခရိုင်တရားရုံး စတဲ့နေရာတွေမှာလည်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။