ကလောမှာလမ်းပန်းဆက်သွယ်ရေးခက်၊ ရိက္ခာတွေလိုအပ်နေ

RFA Burmese
2024.09.24
ကလောမှာလမ်းပန်းဆက်သွယ်ရေးခက်၊ ရိက္ခာတွေလိုအပ်နေ ကလောမြို့အနီးရှိ ကျေးရွာများတွင် ရေကြီးပြီး တောင်ပြိုကျတာကြောင့် ခက်ခက်ခဲခဲ သွားလာနေရသည့်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
စိတ္တသုခ လူမှု့ကယ်ဆယ်ရေးအသင်း တွံတေးမြို့

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့မှာ ရေကြီး၊ တောင်ပြိုကျတာကြောင့် လမ်းပန်းဆက်သွယ်ရေး သွားလာရခက်နေပြီး ရိက္ခာအကူအညီတွေ လိုနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ရွာသွန်းခဲ့တဲ့မိုးကြောင့် ရေကြီးရေလျှံ၊ တောင်ပြိုတာတွေဖြစ်ခဲ့တဲ့အပြင် အခုထိလည်း မိုးဆက်တိုက်ရွာ၊ တောင်တွေပြိုနေတာကြောင့် စိုးရိမ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကလောမြို့နယ်အနီးတစ်ဝိုက်ကျေးရွာအများစု နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီး အခုအချိန်အထိ လမ်းပန်းဆက်သွယ်ရေးခက်နေတာလို့ ဆိုပါတယ်။

ကလောနဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ တောင်ကိုးလုံးအနီးတစ်ဝိုက်ကရွာတွေမှာ စက်တင်ဘာလ ၂၀ ရက်နေ့က မြေပြိုခဲ့ပြီး ဒေသခံတွေ ပိတ်မိနေတယ်လို့လည်း ကူညီရေးလုပ်နေသူတွေက ပြောပါတယ်။

လမ်းတွေပျက်နေတာကြောင့် မိသားစုဝင် ၅ဝဝ နီးပါးဆီကို ရိက္ခာပို့ဖို့ ခက်ခက်ခဲခဲသယ်နေရတယ်လို့ ခွေးရုပ်ဘူတာကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်ခြေ ၁၂၅ လုံးရှိတဲ့ ခွေးရုပ်ဘူတာကျေးရွာက နေအိမ်ဆယ်လုံး ပြိုကျပျက်စီးခဲ့‌တယ်လို့လည်း ဆိုပါတယ်။

“မိုးရွာလာရင် မနေရဲဘူးပေါ့ဗျာ။ တောင်ကျရေတွေအများကြီးပဲ။ မိုးများလာရင် ဘေးလွတ်ရာကိုထွက်ပြေးရတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့ပြောင်းရတယ်။ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဆိုပြီး ကြေညာပေးထားရတယ်။ မိုးလေပြင်းထန်လာရင် ညအိပ်ညနေသွားနေရတယ်”

ကလောနဲ့ ၁၂ မိုင်အကွာက အိမ်ခြေထောင်ကျော်ရှိတဲ့ ရွှေတောရွာမှာလည်း အိမ်ခြေရှစ်ရာကျော် ပျက်ဆီးခဲ့ပြီး အကူအညီတွေ လိုနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ခွေးရုပ်၊ ငါးအိမ်စု၊ တောင်ပဲ့၊ တာယော၊ ရွှေမင်းဖုန်၊း ညောင်ကုန်း၊ ရွာသစ်၊ ဆင်တောင် စတဲ့ကျေးရွာတွေမှာလည်း အကူအညီတွေလိုနေပါတယ်။

လတ်တလော တောင်ကျရေကိုပဲ သောက်နေရပြီး သီးနှံခင်းတွေ ပျက်စီးသွားတာကြောင့် ရိက္ခာလည်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

မီးရထားလမ်းပိုင်းအများစု ပျက်စီးသွားတဲ့အတွက် မီးရထားပြေးဆွဲတာတွေလည်း ရပ်နားထား ပါတယ်။

ကလောမှာ ရေကြီးရေလျှံပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ‌ ၁၀၀ ကျော် ရှိပြီး လူ ၂၀၀ ကျော် ပျောက်ဆုံးနေသလို အိမ်ခြေ ၁၀၀၀ ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။