နယ်စပ်ရှိ ထိုင်း စီမံကိန်းမြေနေရာ မြန်မာကလည်း ပိုင်ဆိုင်တယ်လို့ တင်ပြ


2016.07.27
kaeng-krachan-nation-park-620.jpg ထိုင်းနယ်စပ်က ခရာချန် အမျိုးသားသစ်တောဥယျာဉ်ကို တွေ့ရစဉ်
Photo: wikipeadia

ထိုင်းနိုင်ငံက ကမ္ဘာ့သမိုင်း အမွေအနှစ်နေရာအဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကို တင်ပြထား တဲ့  နေရာအဝန်းအဝိုင်းမှာ မြန်မာ့ပိုင်နက် ပါဝင်နေတာကြောင့်၊ မြန်မာနိုင်ငံကလည်း ကိုယ့်ပိုင်နက် ပါဝင်နေတဲ့ အပိုင်းကို ကမ္ဘာ့သမိုင်းအမွေအနှစ်နေရာအဖြစ် သီးခြားတင်ပြမယ်လို့ သိရပါတယ်။

ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ခရာချန် အမျိုးသား သစ်တောအဝန်းအဝိုင်းကို ကမ္ဘာ့သမိုင်း အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ ထိုင်းက တင်ပြထားတဲ့မြေပုံထဲမှာ မြန်မာပိုင်နက် သုံးပုံတစ်ပုံပါဝင်နေတယ်လို့ ကမ္ဘာ့သမိုင်းအမွေ အနှစ် နေရာကော်မတီ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က ပြောပါတယ်။

အဲ့ဒီ ထိုင်း မြေပုံထဲမှာ ပါဝင်နေတဲ့ လေညာ သဘာဝသစ်တောဟာ မြန်မာနိုင်ငံ တနင်္သာရီ ကမ်းမြှောင်ဒေသ တလျှောက်မှာ ရှိနေကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီ လေညာသစ်တောကို ကမ္ဘာ့သမိုင်းအမွေ အနှစ်နေရာအဖြစ် သတ်မှတ်ဖို့ ယူနက်စကိုအဖွဲ့ကို မြေပုံတင်ပြမှာဖြစ်တဲ့အပြင်၊ အဲ့ဒီ နယ်စပ်တလျှောက် ကို ခြံစည်းရိုးခတ်ဖို့လည်း တောင်းဆိုမယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ထိုင်း ကိုယ်စားလှယ်တွေ တူရကီနိုင်ငံမှာရှိတဲ့ ကမ္ဘာ့သမိုင်းအမွေအနှစ် ညီလာခံမှာ ဆွေးနွေးခဲ့ကြပေမဲ့၊ တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့တာကြောင့် ဆွေးနွေးမှု မပြီးပြတ်ခဲ့ပါဘူး။ ဒါကြောင့် ဒီကိစ္စကို လာမယ့် အောက်တိုဘာလ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဆက်လက်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး ဦးသန်းဇော်ဦးက ထိုင်းအနေနဲ့ မြန်မာ့စိုးရိမ်မှုအပေါ် နားလည်ပါတယ်၊ ထိုင်းရဲ့ အမျိုးသား သစ်တောကိစ္စကို မြန်မာက ကန့်ကွက်နေတာမဟုတ်ဘဲ၊ အဲ့ဒီသစ်တောရဲ့ နယ်ပယ်အဝန်းအဝိုင်းကို ပြန်သုံး သပ်ဖို့ကိုသာ တောင်းဆိုနေတာဖြစ်ပါတယ်လို့ ပြောပါတယ်။

ထိုင်းနဲ့ မြန်မာကြားက လက်ရှိ နယ်စပ်မျဉ်းကို ၁၈၆၈ ခုနှစ်က ရေးဆွသတ်မှတ်ခဲ့တာဖြစ်ပြီး၊ အခုအခါ ပြန်လည် စစ်ဆေးသင့်ပြီလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။