ထိုင်း-မြန်မာနယ်စပ်အရေး ထိုင်း အစီအစဉ်နှောင့်နှေး
2016.07.20

ထိုင်း-မြန်မာ နယ်စပ်က သဘာဝသစ်တောတစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲထည့်သွင်းဖို့ ထိုင်းအစိုးရရဲ့ အစီအစဉ်ဟာ နယ်စပ်ပြဿနာကြောင့် နှောင့်နှေးသွားပါတယ်။
မြန်မာနဲ့နယ်စပ်မှာရှိတဲ့ ခရာချန် အမျိုးသားသစ်တောဥယျာဉ်ကို ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်နေရာအဖြစ် သတ်မှတ်ဖို့ ထိုင်းအစိုးရက ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ထံ တင်ပြထားတာပါ။ ဒါပေမဲ့ အဲ့ဒီနေရာဟာ နှစ်နိုင်ငံ နယ်နိမိတ်ချင်း ရောထွေးနေတာကြောင့် နယ်စပ်အပိုင်းအခြားကိစ္စ အရင်ဆုံးဖြေရှင်းပြီးတဲ့အထိ ဆိုင်းငံ့ဖို့ မြန်မာ ဘက်က ကန့်ကွက်ထားပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ စနေနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ ယူနက်စကို စည်းဝေးပွဲ ဟာလည်း တူရကီနိုင်ငံအတွင်း မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ပေါ်ပေါက်ခဲ့တာကြောင့်၊ ထိုင်းနိုင်ငံရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတရာ မဆွေးနွေးလိုက်ရပဲ ဆိုင်းငံ့ခဲ့ရပါတယ်။
အဲ့ဒီစည်းဝေးပွဲကို လာမယ့် အောက်တိုဘာလ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပြန်လည်ကျင်းပမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနဲ့ နယ်စပ်ပြဿနာ ဖြေရှင်းဖို့ ထိုင်းအနေနဲ့ အချိန်ရသေးတယ်လို့ ထိုင်းဘက်က ဆိုပါတယ်။ ထိုင်း-မြန်မာနယ်စပ် အပိုင်းအခြားကိစ္စအတွက် ပူးတွဲနယ်စပ်ကော်မတီကို ၁၉၉၃ ခုနှစ်က စတင်ထူထောင် ခဲ့ကြပါတယ်။ ဒါပေမဲ့ မိုင်ပေါင်း ၁၅၀၀ နီးပါး ရှည်လျားတဲ့ နယ်စပ်တလျှောက်မှာ နယ်မြေအပိုင်းအခြား မပြီးပြတ်သေး တဲ့နေရာတွေ အများအပြားရှိနေပါသေးတယ်။