ဒုက္ခသည်နှစ်ဦး သတ်ခံရမှု အမှုမှန်ပေါ်အောင် ကြိုးစားမည်
2018.03.10

ကချင်ပြည်နယ် မံစီမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းကနေ နွားကျောင်းရင်းပျောက်ဆုံးသွားတဲ့ ကချင်တိုင်းရင်းသား နှစ်ဦး အသတ်ခံရတဲ့ ကိစ္စကို အမှုမှန်ပေါ်ပေါက်တဲ့အထိ ကြိုးစားသွားမယ်လို့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။
မိုင်းခေါင်ကျေးရွာအနီးမှာ ပျောက်ဆုံးသွားတဲ့ ကချင်အမျိုးသားနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို တစ်လကျော် အကြာမှာ မနေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်သွားမယ်လို့ အသတ်ခံရတဲ့ ကချင် တိုင်းရင်းသားနှစ်ယောက်နဲ့ ဆွေမျိုးတော်စပ်သူ ဒေါ်ကော့အောင်က ပြောပါတယ်။
"ကျမတို့ကတော့ ဒီဟာ မတရားခံရတယ်လို့ပဲမြင်တယ်၊ အဲလိုပဲ ယူဆတယ်၊ အဲဒါကြောင့် ဒီဟာအမှု မှန်ပေါ်ပေါက်အောင် မရရတဲ့နည်းနဲ့ ကြိုးစားမယ်၊ နည်းမျိုးစုံနဲ့ ကျမတို့ ကြိုးစားသွားပါမယ်"
အသက် ၆၅ နှစ်အရွယ် ဦးဖော်ဂမ်ယော်နဲ့ အသက် ၃၅ နှစ်အရွယ် ဦးနခွန်နော်ဆန်းတို့ တူအရီး နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က နွားကျောင်းသွားရင်း မိုင်းခေါင်ကျေးရွာကနေ ခပ်ပရာရွာသွားတဲ့လမ်းမှာ တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတယ်ဆိုတဲ့ ဒေသခံမျက်မြင်တွေရဲ့ ပြောပြချက်နဲ့ မိသားစုဝင်တွေက ကချင်ပြည်နယ်အစိုးရကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
မျက်မြင်သက်သေတွေပြောတဲ့ နေရာနဲ့မလှမ်းမကမ်းမှာပဲ ကချင်တိုင်းရင်းသားနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရုပ်အလောင်းတွေဟာ ပုပ်ပွနေတာကြောင့် မနေ့က အဲဒီနေရာ မှာပဲ မီးသြင်္ဂ ိုဟ်ခဲ့တယ်လို့ ဒေါ်ကော့အောင်က ပြောပါတယ်။
အလောင်းတွေ့ရှိတဲ့နေရာဟာ တပ်မတော်က ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။ မတ်လ ၈ ရက်နေ့က ရုပ်အလောင်းကို စပြီးတွေ့ခဲ့ပေမယ့် မတ်လ ၉ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်မှာ တပ်မတော် ခွင့်ပြုချက်နဲ့ တူးဖော်ခဲ့တာဖြစ်ပါတယ်။