ပျောက်ဆုံးနေတဲ့ ကချင် နှစ်ဦး အလောင်းတွေ့ရှိ
2018.03.09

ကချင်ပြည်နယ် မန်စီမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကနေ နွားကျောင်းရင်းပျောက်ဆုံးသွားတဲ့ ကချင် တိုင်းရင်းသားနှစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒေသခံရွာသားတွေက ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် မိသားစုဝင်တွေနဲ့ ရဲအရာရှိနဲ့ ဆရာဝန်တွေက အလောင်းရှိတဲ့နေရာကို ဒီနေ့ သွားရောက် စစ်ဆေးခဲ့ပါတယ်။
တစ်လကျော်အကြာမှာ သူတို့နှစ်ယောက် အလောင်းကို ဒေသခံရွာသားတွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ် လို့ မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာ ကပြောပါတယ်။
"အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ဒီနေ့ပဲ ကျနော့်ကို ဗန်းမော်ကလူတွေ အကြောင်းကြားလာတယ်၊ မနေ့က သူတို့သွားရောက်ရှာဖွေပြီးတော့ တွေ့ထားပြီဖြစ်တယ်၊ ဒါကြောင့် ဒါတွေကို မန်စီရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးအားလုံးကို အကြောင်းကြားထားတယ်လို့ပြောတယ်။ ဒီနေ့ကြတော့ သူတို့အဲဒါကို တူးဖော်ဖို့အတွက် ထွက်လာတယ်၊ ထွက်လာတဲ့အပေါ်မှာ အခုက မိုင်းခေါင်မှာ ရောက်ရှိနေ တယ်။ ရောက်ရှိနေပြီးတော့မှ အဲဒီနေရာကို သွားဖို့အတွက်ပြောတယ်၊အဲဒီနေရာဒေသက မာရှယ်လော ထုတ်ထားတဲ့ဒေသဖြစ်တယ်ဆိုပြီးပြောလို့ ကျနော်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အကြောင်း ကြားပေးထားတယ်၊ အခုတော့ ခွင့်ပြုပြီဆိုပြီးတော့ အခုသွားဖော်နေပြီလို့ နောက်ဆုံးသတင်းကြား သိရတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က အသက် ၆၅ နှစ်အရွယ် ဦးဖော်ဂမ်ယော်နဲ့ အသက် ၃၅ နှစ်အရွယ် ဦးနခွန်နော်ဆန်း တို့နှစ်ယောက်ဟာ နွားကျောင်းသွားရာမှာ မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာကနေ ခပ်ပရာရွာ သွားတဲ့လမ်းမှာ သူတို့ နှစ်ယောက်ကို တပ်မတော်စစ်ကြောင်းကနေ ဖမ်းဆီးသွားတာကို ဒေသခံမျက်မြင်တွေ က တွေ့မြင်ခဲ့ရတဲ့အတွက် ကချင်ပြည်နယ်အစိုးရကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အလောင်းတွေ့ရှိတဲ့နေရာကို သွားရောက်ဖို့မှာ တပ်မတော်ရဲ့ ခွင့်ပြုချက်ရယူပြီး ဒီနေ့ညနေပိုင်းမှာ အလောင်းဖော်နေပြီလို့ နောက်ဆုံးသတင်းရထားကြောင်း ဦးလမိုင်ဂွန်ဂျာ ကပြောပါတယ်။
အလောင်းတူးဖော်ဖို့သွားတဲ့ မိသားစုဝင်တွေနဲ့ မန်စီရဲစခန်းမှူးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေ မယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။