ကချင်ပြည်နယ်မှာ တရုတ်ကိုတင်ပို့တဲ့ သစ်တန်ချိန် ၂ သောင်းကျော် ဖမ်းဆီးနိုင်ခဲ့


2016.02.18
aungnaing-kachin-620.jpg ကချင်ပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်နိုင် ကို တွေ့ရစဉ်။
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံဘက် တရားမဝင်တင်ပို့တဲ့ သစ်မျိုးစုံ တန်ချိန်နှစ်သောင်းကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲမှာ အများဆုံးဖမ်းဆီးရမိတာဖြစ်တယ်လို့ ကချင်ပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်နိုင်က ပြောပါတယ်။

"၁၁၊ ၁၂ မှာ ကျနော်တို့ ကျွန်းသစ်မာပေါ့နော် ၁၆၆ဝ လောက် ဖမ်းဆီးရမိခဲ့ပါတယ်၊ ဒီနောက် ၂ဝ၁၂၊ ၂ဝ၁၃ လောက်မှာတော့ ကျနော်တို့ ၂၇၇၇ တန်လောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်၊ နောက် ၁၃၊ ၁၄ ခုနှစ်မှာတော့ ကျနော်တို့ ၄၇ဝဝ ကျော်လောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်၊ ၁၄၊ ၁၅ မှာလည်း ထိုနည်းတူပဲ ကျနော်တို့ ၁ဝ၅၉၆ တန်လောက် ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်၊ ထိုနည်းတူပဲ ၂ဝ၁၅၊ ၁၆ မှလည်း ကျနော်တို့ ၄၉၉ဝ ကျော် ၅ဝဝဝ နီးပါးပေါ့လေ အဲ့ဒါလည်း ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ကျနော်တို့ ဒီအစိုးရသက်တမ်း ၅ နှစ်ပြည့်ခါနီးကာလအထိတော့ စုစုပေါင်းပေါ့နော် ကျွန်းသစ်မာ အခြားအပါအဝင်ပေါ့ အားလုံး သစ်တန်ပေါင်း ၂၄၇ဝဝ ကျော်လောက် ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်"

ပြီးခဲ့တဲ့နှစ် ဝိုင်းမော်မြို့နယ်အတွင်း တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို သစ်တွေအပါအဝင် မူးယစ်ဆေးဝါးနဲ့ ယာဉ်တွေ စက်ယန္တရားတွေ ဖမ်းဆီးရမှုဟာ အများဆုံး ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။

နယ်မြေမတည်ငြိမ်တာကိုအကြောင်းပြပြီး သစ်တောထွက်ပစ္စည်းတွေနဲ့ တခြားတားမြစ်ကုန် ပစ္စည်းတွေ ကို မြန်မာနိုင်ငံအနှံ့ကနေ ကုန်ကားကြီးတွေနဲ့ သယ်ယူပြီး ကချင်ပြည်နယ်ကတဆင့် တရုတ်ပြည်ဘက် တရားမဝင်တင်ပို့မှုတွေမှာ အစိုးရဝန်ထမ်းတွေ ပါဝင်ပတ်သက်မှုမရှိအောင် ညွှန်ကြားထားတယ်လို့ လည်း ပြည်နယ်ဝန်ကြီး ဦးအောင်နိုင်က ပြောပါတယ်။ ကချင်ပြည်နယ်မှာ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ဥ၊ သစ်ဖု စတဲ့ သစ်တောထွက်ပစ္စည်းတွေနဲ့ ရွှေ၊ ကျောက်စိမ်း၊ ပယင်း စတဲ့ သဘာဝတွင်းထွက် သယံဇာတတွေ ထွက်ရှိပါတယ်။

ကချင်ပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်နိုင်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။