ဖားကန့်ဒေသ အခြေအနေငြိမ်သက်

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေ စတင်ပြီး တိုက်ပွဲတွေနည်းသွားပြီး အခြေအနေ ငြိမ်သက်နေတာကြောင့် ဒုက္ခသည် စခန်းက စစ်ဘေးရှောင်နေတဲ့ လူတချို့ ရပ်ရွာနေအိမ် ပြန်သွားကြတယ်လို့ သိရပါတယ်။

2012.09.30

အဲဒါကြောင့် ဖားကန့်ဒေသရှိ ဒုက္ခသည်စခန်းမှာ လူအရင်ကလောက် မများတော့ဘူးလို့ လူဦးရေ ၅၀၀ လောက်ရှိတဲ့ ဖားကန့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတစ်ဦးက ပြောပါတယ်။

"လောလောဆယ်တော့ ကျွန်တော်တို့စခန်းမှာ လူနည်းသွားပြီဗျ။ ၂၀၀ ပတ်ဝန်းကျင်လောက်တောင် မရှိတော့ဘူး။ လောလောဆယ် အစားအသောက်အတော့ အဆင်ပြေတယ် ပြောရမှာပေါ့။ လူနည်းလို့လေ။ ကိုယ့်ရွာကို ကျွန်တော်တို့လို ပြန်တဲ့လူပေါ့။ နောက် အောက်ပြည်အောက်ရွာပြန်တဲ့လူရှိတယ်။ အိမ်ပြန်တဲ့လူကလည်း တချို့ကျတော့ ဝင်ငွေမရှိ၊ ကလေးတွေ မုန့်ဖိုးမရှိ၊ ငွေရအောင် ထွက်ရှာကြတာလေ။ အဲဒါမျိုး အိမ်ပြန်ကြတာ။ ယောကျ်ားအများစုက မြို့ပေါ်စခန်း ၁၄၊ ၅ ခုက ပြန်တဲ့လူက များတယ်"

ဖားကန့်ဒေသအတွင်းမှာ နေထိုင်နေတဲ့လူအများစုကတော့ ကိုယ့်အိမ် ကိုယ့်ရွာကို တချို့ပြန်နေကြပေမဲ့ မိန်းမနဲ့ကလေးတွေကတော့ ဒုက္ခသည်စခန်းထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ တချို့ကလည်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းစတဲ့ ဆွေမျိုးတွေရှိရာ သွားရောက်နေထိုင်ကြတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စာသင်ကျောင်းက ကလေးတွေလည်း တခြားဒေသကို ပြောင်းရွှေ့စာသင်သွားတာကြောင့် ဖားကန့်က စာသင်ကျောင်းမှာ ကျောင်းတက်တဲ့လူ နည်းသွားတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ လက်ရှိဖားကန့်ဒေသက စစ်ရေးနောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သူကအခုလို ဆက်လက်ပြောပြပါတယ်။

"ကြားတာတော့ စစ်တပ်ကလည်း မပစ်ရဘူး။ ကေအိုင်အေကလည်း လာမပစ်ဘူး။ တိုက်ပွဲမဖြစ်တာက တပတ်ကျော်လောက် ကြာသွားပြီ။ စောစောက ကျွန်တော်တို့ ကသိုင်းတောင်မှာ ဖြစ်ပြီးတော့ အဲဒီနောက်မှာ ငြိမ်သွားတာ။ ညတိုင်း ညတိုင်းတော့ လက်နက်ကြီးသံ တချက် နှစ်ချက်တော့ ကြားတာပဲ။ ဒီဘက်နမ့်ယန်းလောက်မှာ ကေအိုင်အေက ပိတ်တယ်လို့ပြောတယ်။ ဟိုဘက် ၈ မိုင်လောက်က ဗမာစစ်တပ်က ပိတ်တယ်။ လမ်းမှာ ပြဿနာဖြစ်မှာစိုးလို့နဲ့တူတယ်"

အခုအချိန်မှာ တိုက်ပွဲတွေ ရပ်နေပေမဲ့ နှစ်ဖက်တပ်တွေက နေရာတိုင်းမှာ အသင့်အနေအထား ဖြစ်နေတာကြောင့် ဘယ်အချိန် ပြန်ဖြစ်မယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သေးဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လလည်ပိုင်းလောက်ကနေ စတင်ခဲ့တဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသက တိုက်ပွဲတွေကြောင့် ဒုက္ခသည် စခန်း ၄၀ ကျော်မှာ လူဦးရေ နှစ်သောင်းလောက် ရှိနေတယ်လို့ ကူညီပံ့ပိုးသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။