အောင်လအန်ဆန်း ကို ကချင်အစိုးရ ဂုဏ်ပြု


2018.03.23
aunglansang-kachin-622.jpg ချန်ပီယံ အောင်လအန်ဆန်း ကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ ဂုဏ်ပြုစဉ်
Photo: Kyaw Myo Min/RFA

ကိုယ်ခံပညာပေါင်းစုံ One Championship ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆု ၂ ခု ရရှိထားတဲ့ ကချင် တိုင်းရင်းသား အောင်လအန်ဆန်း ကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေကျပ်သိန်း ၅၀ ချီးမြင့်လိုက်ပါတယ်။

ချန်ပီယံ အောင်လအန်ဆန်းက ကြိုးစားရင် ဘယ်သူမဆို အောင်မြင်မှုတွေရရှိနိုင်ကြောင်း ကျေးဇူးတင် စကားပြောပါတယ်။

"အောင်မြင်ချင်တယ်ဆိုရင် စိတ်ပါပါ၊ အိပ်တာတွေ၊ စားတာတွေ အားလုံးစီစဉ်ပြီးတော့ ကြိုးစားရင်တော့ ကျနော်တို့ မြစ်ကြီးနားကပဲဖြစ်ဖြစ် မြန်မာပြည်ကပဲဖြစ်ဖြစ် အောင်မြင်နိုင်တယ်။ ဒီအောင်မြင်မှုဟာ ကျနော်တယောက်တည်းပဲ မဟုတ်ဘူး။ ကျနော့်အသင်းနဲ့ မြန်မာပြည်က မြစ်ကြီးနားက လူအားလုံး အားပေးလို့ အောင်မြင်တယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီလိုပဲ ကျနော်တို့စုပေါင်းပြီးတော့ လုပ်မယ်ဆိုရင် ဘာမဆိုအောင်မြင်နိုင်တယ်။ ကျနော် အမေရိကသွားတာ ပညာသွားရှာဖို့ပဲနော်။ ကျနော်တို့ သူများဆီကခိုးမယ်၊ သူများဆီက ယူမယ်ဆိုရင် ပညာပဲ ယူရအောင်နော်။ အားလုံးကို အရမ်း ကျေးဇူးတင်ပါတယ်။"


ကိုယ်ခံပညာပေါင်းစုံ MMA ပြိုင်ပွဲမှာ အခုလို အခြေအနေရောက်ဖို့ ၁၀ နှစ်လောက် အနာခံကြိုးစားခဲ့ရပြီး၊ အဲဒီအတောအတွင်းမှာ နိုင်ပွဲတွေရှိသလို ရှုံးပွဲလည်း အများကြီးရှိခဲ့ကြောင်း အခက်အခဲတွေကြားကနေ ကြိုးစားဖြတ်သန်းခဲ့ရကြောင်း သူက ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆုငွေ ကျပ်သိန်း ၅၀ နဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့ပြီး၊ အောင်လအန်ဆန်းဟာ အမိမြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တာဖြစ်ကြောင်းနဲ့ ဆက်လက်အောင်မြင်အောင် ကြိုးစားစေလိုကြောင်း ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့တဲ့ အောင်လအန်ဆန်းဟာ အမေရိကန်နိုင်ငံသား ခံယူထားပေမယ့် One Championship ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။