ကချင်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေကြောင်း KIA ပြော
2024.05.25

ကချင်ပြည်နယ်က မြို့သုံးမြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ (KIA) ဘက်က မေလ ၂၅ ရက်နေ့ ဒီနေ့မှာ RFA ကို ပြောပါတယ်။
မေလ ၂၁ ရက်နေ့က ဝိုင်းမော်မြို့ ရွှေညောင်ပင်ရွာမှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ (၃၂၁) ကို သိမ်းယူပြီးနောက် မိုးမောက်မြို့အခြေစိုက် မခရ (၄၃၇)၊ မံစီမြို့အခြေစိုက် ခမရ (၃၁၉) နဲ့ (၆၀၁) တပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းအဖွဲ့က ဆက်ပြီးတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ နေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တစ်ရက် အနည်းဆုံး သုံးကြိမ်နီးပါး လာပစ်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကိုပြောပါတယ်။
“၃၂၁ သိမ်းပြီးနောက် တပ်စခန်းတွေ ထပ်သိမ်းရတာတော့ မရှိသေးပါဘူး။ လောလောဆယ် ဝိုင်းမော်၊ မိုးမောက်၊ မံစီမှာ တိုက်ပွဲပြင်းထန်နေဆဲလို့ ပြောလို့ရတယ်။ သူတို့ (စစ်ကောင်စီ) ကတော့ အတတ်နိုင်ဆုံးတော့ တစ်နေ့ကို သုံးလေးခေါက်လာတယ်။ တစ်ခါတလေ ငါးကြိမ်၊ ခြောက်ကြိမ်လည်း လာပစ်တယ်”
ဝိုင်းမော်မြို့အရှေ့ဘက် တစ်ကြောလုံးကို KIA နဲ့ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားလို့ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေလည်း ဝိုင်မော်ဘက်ကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စခန်းတွေ အသိမ်းခံနေရတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
(KIA) အနေနဲ့ အခုနှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ မြို့ရှစ်မြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းစုစုပေါင်း တစ်ရာကျော်ကို သိမ်းပိုက်ထားသလို စစ်ကောင်စီရဲ့ ဘဏ္ဍာငွေရလမ်းတွေနဲ့ ထောက်ပို့လမ်းကြောင်းတွေကို အတိုင်းအတာတစ်ခုထိ ကန့်သတ်ထားနိုင်ပြီလို့ KIA က RFA ကို ဖြေဆိုထားပါတယ်။