တရားရေးကဏ္ဍမှာ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်တွေ ချမှတ်ခံရသူ ၁၆၀ ရှိ


2018.05.02
detkhena-court-622.jpg နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ပြီးခဲ့တဲ့နှစ်အတွင်း တရားသူကြီး ၈၈ ဦးအပါအဝင် တရားရေးအရာရှိ၊ တရားရုံးဝန်ထမ်း စုစုပေါင်း အယောက် ၁၆၀ ကို ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ဒီနေ့ ကျင်းပတဲ့ ၂၀၁၇ ခုနှစ်၊ တရားရုံး နှစ်စဉ်အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက အရေးယူခဲ့တဲ့ဖြစ်စဉ်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အရာထမ်းစုစုပေါင်း ၈၈ ယောက်နဲ့ အမှုထမ်းစုစုပေါင်း ၇၂ ယောက်ကို အရေးယူခဲ့ပါတယ်၊ တရားစီရင်ရေး ကဏ္ဍနဲ့ သက်ဆိုင်တာ၊ တရားစီရင်ရေးကဏ္ဍနဲ့ မသက်ဆိုင်ဘဲ သတိပေးတာတွေ၊ သတင်းစာကြော်ငြာမှာ မှားယွင်းဖော်ပြထားတဲ့ကိစ္စတွေ လစာလျော့ခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးစဉ်လျော့ချခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း စသဖြင့် ခွဲခြားပြီး အရေးယူဆောင်ရွက်ထားတာ အစီရင်ခံစာအရတွေ့ရပါတယ်"

တိုင်ကြားစာတွေအရ ဒုတိယမြို့နယ် တရားသူကြီးကစပြီး ညွှန်ကြားရေးမှူးချုပ်အဆင့် အထိရှိသူတွေကို အရေးယူထားသလို မြို့နယ်တရားသူကြီးတစ်ဦးနဲ့ ဒုတိယမြို့နယ် တရားသူကြီးတစ်ဦးတို့ကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပစ်တာတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရုံးဝန်ထမ်းတွေကိုတော့ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပစ်တာ၊ ရာထူးတိုးရပ်ဆိုင်းတာ၊ ရာထူးအဆင့်လျှော့ချတာ၊ တာဝန်ကနေ ယာယီရပ်ဆိုင်းတာ စတဲ့ အရေးယူမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အထိ တရားစီရင်ရေးမဟာဗျူဟာ ချမှတ်ပြီး တရားရုံးတွေမှာ အထောက်အပံ့ပစ္စည်းတွေ ခေတ်မှီစေဖို့ နဲ့ တရားသူကြီးတွေအတွက် တရားစီရင်ရေးနဲ့ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေ တိုးတက်ဖို့ သင်တန်းတွေ ပြုလုပ်ပေးဖို့တို့ ပါဝင်ပါတယ်။

ဒါ့အပြင် စီမံကိန်း ငါးနှစ်တာကာလအတွင်း တရားရုံးတွေမှာ အမှုမစစ်ဖြစ်ဘဲ ပြန်လည်ချိန်းဆိုတဲ့ ရုံးချိန်းအရေအတွက်လျှော့ချဖို့၊ အမှုစစ်ဆေးချိန်ကြာမြင့်တာကို လျှော့ချဖို့တို့ကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။