စစ်ဆေးခံနေရတဲ့ တရားသူကြီးကို သမ္မတက နုတ်ထွက်ခွင့်ပြု


2013.10.23
rakhine-court-305.jpg ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးပုံ
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်တရားသူကြီး  ဒေါ်စီစီကို အကျင့်ပျက်ခြစားမှုအတွက် ပြည်နယ် စုံစမ်းရေးကော်မရှင်က  စစ်ဆေးနေဆဲမှာပဲ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၂၂ ရက်နေ့မှာ  ရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ် ဦးအောင်မြကျော်က သမ္မတအမိန့်နဲ့ အဲဒီလိုနုတ်ထွက်ခွင့်ပြုလိုက်တဲ့အတွက် ဒေါ်စီစီကို မိမိတို့ ဆက်လက်စစ်ဆေးခွင့် မရှိတော့တာကြောင့် ပြည်သူလူထုအနေနဲ့ များစွာနစ်နာရပါတယ်၊ ဒီလိုအဂတိလိုက်စားတဲ့ တရားသူကြီးလို ပြည်သူ့ဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်မယ့် ဥပဒေပြဌာန်းဖို့လိုအပ်နေပါပြီလို့ အာဖက်အေကို ပြောပါတယ်။

ရခိုင်ပြည်နယ်  မြောက်ဦးမြို့မှာနေထိုင်တဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးကို ၂ဝ၁၁  ခုနှစ်အတွင်း ဒေသခံ လယ်သမားတွေ ဆန်ကုန်သည်တွေထံက ငွေကျပ်သိန်းပေါင်း ၄၃ဝဝ  ကျော်လိမ်လည်မှုအတွက် နစ်နာသူတွေက သက်ဆိုင်ရာကိုတိုင်ကြားခဲ့ရာမှာ မြို့နယ်နဲ့ ခရိုင်တရားရုံးအဆင့်ဆင့်က တရားစွဲခွင့်ပြုခဲ့ပေမယ့်  ပြည်နယ် တရားလွှတ်တော် တရားသူကြီးဖြစ်တဲ့ ဒေါ်စီစီက  တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလိုဆုံးဖြတ်ချက်ချမှုအတွက် ဒေါ်စီစီကို အာဏာအလွဲသုံးစားလုပ်မှုနဲ့ အရေးယူဖို့ လွှတ်တော်အမတ်တွေက တင်ပြခဲ့ရာမှာ ပြည်နယ်အစိုးရက စုံစမ်းရေးကော်မတီဖွဲ့ပြီး စစ်ဆေးနေဆဲမှာပဲ သမ္မတက ခုလိုနုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားသူကြီးဟောင်း ဒေါ်စီစီနဲ့ လိမ်လည်မှုအတွက် စွပ်စွဲခံရသူ စီးပွားရေးလုပ်ငန်းရှင် ဒေါ်မသန်းတင်တို့ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

လွှတ်တော်အမတ် ဦးအောင်မြကျော် နဲ့ RFA ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။