တရားဥပဒေစိုးမိုးမှု ညွှန်းကိန်းမှာ မြန်မာက အဆင့် ၈၉ မှာရှိ
2014.08.08
ကမ္ဘာ့နိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အစီရင်ခံစာတစ်ရပ်အရ လေ့လာခဲ့တဲ့ နိုင်ငံပေါင်း ၉၉ နိုင်ငံ ထဲမှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေဟာ အဆင့် ၈၉ မှာ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် World Justice Project WJP ခေါ် ကမ္ဘာ့တရားမျှတရေး အစီအစဉ်အဖွဲ့ က မနေ့က ထုတ်ပြန်လိုက်တဲ့ တရားဥပဒေစိုးမိုးရေး အခြေပြညွှန်းကိန်းဆိုင်ရာ ၂ဝ၁၄ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထား တာဖြစ်ပါတယ်။
WJP အဖွဲ့က နိုင်ငံပေါင်း ၉၉ နိုင်ငံကိုလေ့လာခဲ့ရာမှာ အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် မှု၊ အကျင့်ပျက်ခြစားတဲ့ကိစ္စကင်းရှင်းမှု၊ ပွင့်လင်းတဲ့အစိုးရ၊ ပြည်သူ့အခြေခံအခွင့်အရေးတွေ၊ စည်းကမ်းသေဝပ်မှု နဲ့ လုံခြုံရေး၊ စည်းမျဉ်းဥပဒေအကောင်အထည်ဖေါ်မှု၊ တရားမ နဲ့ ရာဇဝတ်ဆိုင်ရာ တရားစီရင်မှုစတဲ့ အချက်တွေကို လေ့ လာစစ်ဆေးပြီး၊ နိုင်ငံအလိုက် အမှတ်ပေး ဖေါ်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စည်းကမ်းသေဝပ်မှုနဲ့ လုံခြုံရေးအဆင့်က ၆ဝ၊ အကျင့်ပျက်ခြစားတဲ့ကိစ္စကင်းရှင်းမှုက အဆင့် ၆၃၊ ပြည်သူ့အခြေခံအခွင့်အရေးမှာအဆင့် ၉၇ နဲ့ ပွင့်လင်းတဲ့အစိုးရမှာ အဆင့် ၉၆ ရှိပြီး တစ်ခုလုံးအနေနဲ့ အဆင့် ၈၉ မှာရှိပါတယ်။
WJP အစီရင်ခံစာအရ တရားဥပဒေစိုးမိုးမှုအခြေအနေအကောင်းဆုံး ပထမဆယ်နိုင်ငံစာရင်းမှာ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်၊ နယ်သာလန်၊ နယူးဇီလန်၊ သြစတြီးယား တို့ပါဝင်ပြီး စင်္ကာပူက နံပါတ် ၁ဝ ဖြစ်ပါတယ်။ အမေရိကန်က နံပါတ် ၁၉ မှာရှိပါတယ်။
ဒီနှစ်ထုတ်ပြန်တဲ့ တရားဥပဒေစိုးမိုးရေး အခြေပြညွှန်းကိန်း ဟာ WJP အဖွဲ့ရဲ့ (၇) နှစ်မြောက် ထုတ်ပြန်ချက် ဖြစ် ပါတယ်။
World Justice Project WJP ခေါ် ကမ္ဘာ့ တရားမျှတရေး အစီအစဉ် အဖွဲ့ကို အမေရိကန် ရှေ့နေများ အသင်း က ကမကထပြုပြီး ၂ဝဝ၆ ခုနှစ်မှာ ထူထောင်ခဲ့တာဖြစ်ပါတယ်။