အပစ်ရပ် အဖွဲ့နှစ်ဖွဲ့နဲ့ စစ်အစိုးရတိုင်းမှူး တွေ့ဆုံ

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို လက်မခံတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့တွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ တြိဂံဒေသတိုင်း တိုင်းမှူးက သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2010.08.21
uwsa_parade_305_Z ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ်၂ဝပြည့် အခမ်းအနား ဧပြီ ၁၇ရက်နေ့က ပန်ဆန်းတွင် ကျင်းပစဉ် စစ်ရေးပြနေသော ဝပြည် သွေးစည်းညီညွတ်ရေး (UWSA) တပ်ဖွဲ့များ ဖြစ်ပါသည်။ (Photo Courtesy of UWSA)
Photo Courtesy of UWSA

NDAA-ESS ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်တချို့ဟာ တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးကို ကျိုင်းတုံမြို့မှာ ဒီကနေ့ သွားတွေ့ကြပြီး UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ကိုယ်စားလှယ်အဖွဲ့ကတော့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ တန့်ယန်းမြို့မှာ တွေ့ဆုံကြတယ်လို့ သိရပါတယ်။

UWSA ဝလက်နက်ကိုင် တပ်ဖွဲ့ရဲ့ ဥက္ကဌ ပေါက်ယူချန်းကို နာမည်တပ်ပြီး ဖိတ်ခေါ်ခဲ့ပေမယ့် ပေါက်ယူချန်းဟာ ကျန်းမာရေးမကောင်း ဖြစ်နေပြီး ပန်ဆန်းဌာနချုပ်မှာ မရှိတဲ့အတွက် ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွတ်ခဲ့တယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနရဲ့ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် က ပြောဆိုပါတယ်။

“သူတို့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဌ ဗိုလ်လောင်ခမ်းနဲ့ ၇ ယောက် ၈ ယောက်လို့ ပြောတယ်။ သူတို့က သွားတင်ပြ တောင်းဆိုဖို့ ဘာမှ မရှိဘူးတဲ့၊ နားထောင်ရုံတခုပဲ သွားမယ်တဲ့။ ဘာမှ တောင်းဆိုတာ တင်ပြတာ၊ ဆွေးနွေးတာ ဘာညာ ဘာမှမရှိဘူးတဲ့။ သူတို့ ပြောချင်တာပြော၊ သွားနားထောင်ပြီး ပြန်လာရုံပဲတဲ့။ အဲ့ဒီလို ပြောတယ်။ မိုင်းလား အဖွဲ့လည်း သွားတယ်။ ဒါပေမယ့် သေချာတာက သူတို့ ဥက္ကဌကြီး ဦးစိုင်းလင်း ကိုယ်တိုင်က မသွားဘူး။ သူက မရှိဘူး၊ ခရီးထွက်နေတယ်။ နောက်ပြီးတော့ သူတို့ ဒုဥက္ကဌ ဦးဆန်းဖေတို့ ဦးစံလူ တို့လည်း မသွားဘူး။ သူတို့လည်း အလယ်အလတ် ခေါင်းဆောင်ပဲ သွားမှာပေါ့။ ကျိုင်းတုံကို သူတို့ သွားကြပြီး ဒီနေ့ပဲ ပြန်လာကြမယ်လို့တော့ ယူဆတယ်”

ခုလို တွေ့ဆုံဖို့ ဆင့်ခေါ်ပြီး ဘာတွေ ပြောဆိုဆွေးနွေးမယ်ဆိုတာ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ သေချာ မသိပေမယ့် သူတို့ နယ်မြေတွေအတွင်း ရွေးကောက်ပွဲအတွက် စည်းရုံးခွင့်၊ မဲပေးခွင့်တွေ ဆွေးနွေးဖို့နဲ့ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ထပ်ပြီး ဖိအားပေး ပြောဆိုတာတွေသာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြတယ်လို့လည်း ဦးစိန်ကြည်က ပြောပါတယ်။

“ပန်ဆန်းဌာနချုပ်နဲ့ မိန်းလားဌာနချုပ်၊ သူတို့ သုံးသပ်တာပေါ့လေ၊ ဒီလာမယ့် ရွေးကောက်ပွဲကိစ္စရယ် နောက်ပြီးတော့ အရင်က သူတို့တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကိစ္စ၊ ဒီနှစ်ခုကတော့ မလွတ်ဘူး ထင်တယ်လို့ ပြောတယ်။ တချို့ပြောတာ ဒီနေ့ သွားတွေ့မယ့်ဥစ္စာက ၃၀ ရက်နေ့ အဖြေပေးဖို့၊ ဒက်လိုင်းတွေဘာတွေ ပေးဖို့ အလားအလာ များတယ်။ ဒက်လိုင်း တစ်စုံတစ်ရာ ပေးမှာပေါ့၊ အဲ့ဒီ အဖြေပေးဖို့ ကိစ္စ သူတို့ တောင်းဆိုထားတဲ့ဟာ၊ နအဖ ဖက်က မေးခွန်းထုတ်ထားတဲ့ဟာ ဘာညာပေါ့”

အခုချိန်အထိ နှစ်ဖက်အကြား ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို ထုတ်ဖော် မပြောဆိုသေးပါဘူး။

ဝ တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ဟာ လောလောဆယ် စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းထားကြပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို လက်မခံကြောင်း၊ သူတို့ဘက်က အရင်စပြီး တိုက်ခိုက်မှာ မဟုတ်ဘဲ စစ်အစိုးရဘက်က စစ်ရေးအရ အရေးယူလာမှသာ ပြန်ခုခံဖို့ အသင့်ပြင်ပြီး သတိ အနေအထားနဲ့ နေကြဖို့ သဘောတူထားကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

အထူးဒေသ (၄) ဖြစ်တဲ့ မိုင်းလားအဖွဲ့ဟာလည်း ၁၉၈၉ ခုနှစ် ကတည်းက UWSA ဝ ပြည် သွေးစည်းရေးတပ်မတော်၊ MNDAA ကိုးကန့်အဖွဲ့၊ NDA-K ဒီမိုကရေစီသစ် တပ်မတော်-ကချင် တို့နဲ့အတူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု PDF အဖြစ် စုပေါင်းဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။