ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မယုံကြည်မှုများနေကြောင်း BSI စစ်တမ်းထုတ်ပြန်
2024.03.25

လက်ရှိနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအပေါ် Blue Shirt Initiative (BSI) အရပ်ဘက်သုတေသနအဖွဲ့က စစ်တမ်းကောက်ယူခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်မှု ၈၀ ရာခိုင်နှုန်းရှိပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မယုံကြည်မှုက ၇၉ ရာခိုင်နှုန်းရှိနေတယ်လို့ စစ်တမ်းဖြေဆိုသူတွေရဲ့ အချက်တွေကို ကိုးကားပြီး BSI က မတ် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ၇၃ ရာခိုင်နှုန်း ယုံကြည်မှုရပြီး NUG ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုး (NUG) က ၆၅ ရာခိုင်နှုန်းယုံကြည်မှုရတာကို တွေ့ရပါတယ်။
စစ်တပ်ကို ယုံကြည်မှုက ငါးရာခိုင်နှုန်းသာရှိပြီး မယုံကြည်မှုက ၇၅ ရာခိုင်နှုန်းအထိ ရှိနေသလို စစ်ကောင်စီကိုလည်း ယုံကြည်မှု ငါးရာခိုင်နှုန်းသာရှိပြီး မယုံကြည်မှုက ၇၂ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း ယုံကြည်မှုက ခြောက်ရာခိုင်နှုန်းသာရှိပြီး မယုံကြည်မှုက ၇၁ ရာခိုင်နှုန်း ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကို ယုံကြည်မှုနည်းနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဒီစစ်တမ်းကို မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာနေထိုင်သူ နှစ်ထောင့်ကိုးရာနီးပါး (၂၈၉၂ ဦး) ပါဝင်ဖြေဆိုခဲ့ပါတယ်။ စစ်ရေးပဋိပက္ခနည်းပါးတဲ့ဒေသတွေမှာသာ ကောက်ယူနိုင်ခဲ့တာကြောင့် စစ်ရေးပဋိပက္ခ တိုက်ရိုက်ခံစားနေရသူတွေရဲ့ သဘောထားအမြင်တွေ မပါဘူးလို့ BSI က ပြောပါတယ်။
စစ်တမ်းဖြေဆိုခဲ့သူအများစုမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် အဆိုးမြင်တယ်လို့ဆိုနိုင်ပြီး လူတစ်ဦးအပေါ်တစ်ဦးယုံကြည်မှုမှာ အလွန်နည်းပါးတာကို စစ်တမ်းဖြေဆိုတာတွေမှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြည်အဝဖြစ်လာရေးဘယ်လောက်အရေးကြီးလဲဆိုတဲ့ မေးခွန်းကို စစ်တမ်းဖြေဆိုသူ ၆၂ ရာခိုင်နှုန်းက အလွန်အရေးကြီးတယ်လို့ ဖြေဆိုကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီအလားအလာနဲ့ ပတ်သက်ပြီး လုံကြည်မှု နည်းပါးနေတဲ့အပြင် လာမဲ့ ငါးနှစ်အတွင်း ဒီမိုကရေစီနိုင်ငံတစ်ခု အပြည့်အဝဖြစ်လာမယ်လို့ ယုံကြည်သူ ကိုးရာခိုင်နှုန်းပဲရှိပါတယ်။ စစ်တမ်းဖြေဆိုသူရဲ့ ၄၁ ရာခိုင်နှုန်းကတော့ အဲဒီပေါ်သဘောထားမှတ်ချက်မပေးကြပါဘူး။
လက်ရှိနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကိုဖြေရှင်းရေးဟာ စစ်ရေးနည်းလမ်းက ထိရောက်မှုရှိသလို နိုင်ငံတကာကြားဝင်စေ့စပ်ဖြေရှင်းမှုနဲ့ နိုင်ငံရေးခေါင်းဆောင်နဲ့ စစ်ရေးခေါင်းဆောင်တွေအကြား စေ့စပ်ဆွေးနွေးတဲ့ နည်းလမ်းကလည်း ထိရောက်မှုရှိတယ်လို့ စစ်တမ်းဖြေဆိုသူတွေ ပြောကြပါတယ်။