ရေဘေးကြောင့် သေဆုံးသူ ၄၁၉ ဦး ရှိလာကြောင်း စစ်ကောင်စီပြော
2024.09.24

ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း ရေကြီး မြေပြိုမှုမှာ သေဆုံးသူ ၄၁၉ ယောက်အထိ ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်နေ့မှာ ပြောပါတယ်။
နေပြည်တော် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ စက်တင်ဘာ ၂၄ ရက်နေ့ကကျင်းပတဲ့ ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် စေတနာရှင်တွေရဲ့ အလှူငွေ ပေးအပ်လှူဒါန်းပွဲမှာ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရေဘေးကြောင့် သေဆုံးသူ ၄၁၉ ဦး အထိရှိလာကြောင်း ပြောကြားခဲ့တာပါ။
စက်တင်ဘာ ၂၄ ရက်နေ့ မနက်အထိ ရရှိထားတဲ့ စာရင်းကို ပြောတာဖြစ်ပြီး တိရစ္ဆာန် တစ်သိန်းကျော်လည်း သေဆုံးခဲ့ရသလို စပါးစိုက်ဧက ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် လမ်းတံတား ၉၂၆ ခု၊ ဘာသာရေးအဆောက်အဦး ၂၅၃ ခု၊ လျှပ်စစ်တာဝါတိုင်နဲ့ ဆက်သွယ်ရေး တာဝါတိုင်အများအပြား ရေနဲ့မျောပါ ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီစာရင်းတွေအရ တိုင်းနဲ့ ပြည်နယ် ကိုးခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံဖြစ်ခဲ့ပြီး နေပြည်တော်က သေဆုံးသူ အများဆုံးနဲ့ မန္တလေးတိုင်းက သေဆုံးသူ ဒုတိယအများဆုံးဖြစ်ပါတယ်။
လူပေါင်းတစ်သိန်းခွဲနီးပါး (၁၄၈,၆၄၃) ရေဘေးဒဏ်ခံနေရပြီး ၈၉ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ် လို့လည်း စစ်ကောင်စီ က စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံတဲ့ အခမ်းအနားမှာ ငွေကျပ် ၃၂ ဘီလီယံကျော် ရရှိထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးစွဲသွားမယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၂၁ ရက်ကထုတ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းအရ မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအပါအဝင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း(အရှေ့)နဲ့ တောင်ပိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ၆၅ မြို့နယ်က လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံနေရပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူ တစ်ရာနီးပါး ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီတစ်ခေါက်ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေလည်းများပြီး လူသားချင်းစာနာမှု အကူအညီတွေအတွက် ရန်ပုံငွေ မလုံလောက်တာကြောင့် ထပ်တိုးရန်ပုံငွေတွေရဖို့ ကြိုးပမ်းနေတယ်လို့လည်း UNOCHA က ထုတ်ပြန် ထားပါတယ်။
ရေဘေးသင့်သူတွေအတွက် သောက်ရေ၊ စားနပ်ရိက္ခာ၊ အခြေခံဆေးဝါး၊ အိမ်သုံးပစ္စည်းတွေ၊ အဝတ်အထည်၊ အမိုးအကာနဲ့ အရေးပေါ် ကြိုတင်ပြင်ဆင်ရေးအတွက် အသက်ကယ်ပစ္စည်းတွေ အရေးတကြီး လိုအပ်နေပြီး ရေဘေးသင့်ဒေသတွေကို အကန့်အသတ်မရှိဘဲ သွားလာခွင့်ရဖို့ အရေးကြီးကြောင်းလည်း UNOCHA က ပြောထားပါတယ်။