မြန်မာစစ်တပ်ကျူးလွန်မှုတွေအတွက် ICC စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့ဖို့ NUG တောင်းဆို
2023.03.14

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဧရိယာတစ်လျှောက်က ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနှင့် ပတ်သက် ပြီး စုံစမ်းစစ်ဆေးနေတာတွေအပြင် စစ်ကောင်စီ လက်ရှိကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို ပါ ထပ်မံထည့်သွင်းပြီး စုံစမ်းစစ်ဆေးပေးဖို့ NUG အစိုးရက နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးကို တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ် ခြေမြန်တပ်မ ၉၉ က အနည်းဆုံး လူ ၃၇ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
NUG အစိုးရဟာ မတ်လ ၆ ရက်မှာ အွန်လိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ ဖေဖော်ဝါရီ ၂၈ ရက်က မတ် ၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ တာတိုင်ရွာမှာ လူ ၁၇ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ထွက်ဆိုခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတကာရာဇဝတ်မှုခုံရုံးအနေနဲ့ ရိုဟင်ဂျာတွေကိုသတ်ဖြတ်မှုအပြင် စစ်ကောင်စီ လက်ရှိ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုပါ ထည့်သွင်းပြီး စုံစမ်းစစ်ဆေးပေး ဖို့ NUG အစိုးရက တောင်းဆို လိုက်တာပါ။
ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မြန်မာစစ်တပ်အပေါ် လက်ရှိ ပိတ်ဆို့အရေးယူမှုနေတာ တွေထက်ပိုပြီး တိုးချဲ့ပိတ်ဆို့ဖို့နဲ့ လက်နက်၊ ခဲယမ်းတွေ၊ ဘက်စုံသုံးနည်းပညာ၊ လေကြောင်း လောင်စာဆီနဲ့ စက်ပစ္စည်းတွေ၊ စစ်သုံးပစ္စည်း တင်သွင်းမှုတွေကို တားမြစ်ဖို့လည်း NUG က တောင်းဆိုလိုက်ပါတယ်။