အကျင့်ပျက် တရားသူကြီးတွေကို ဖယ်ရှားဖို့ သူရ ဦးအောင်ကိုတင်ပြ
2012.08.10

တရားစီရင်ရေးမှာ တာဝန်မကျေပွန်တဲ့၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ တရားသူကြီးတွေ၊ ဝန်ထမ်းတွေကို ဖယ်ရှားပြီး ပြည်သူ့တွေက ရွေးချယ်သူတွေနဲ့ ပြန်လည်အစားထိုး ခန့်အပ်ဖို့လိုကြောင်း စသဖြင့် ပြောဆိုခဲ့တယ်လို့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"မြန်မာနိုင်ငံဟာတဲ့ တရားဥပဒေ စိုးမိုးမှု အနိမ့်ကျဆုံး နိုင်ငံစာရင်းမှာ ကမ္ဘာက ထည့်သွင်းထားတာကို တွေ့ရတယ်တဲ့။ တရားစီရင်ရေး မဏ္ဍိုင် အဂတိတရားများ ဖုံးလွှမ်းနေဆဲ ဖြစ်ကြောင်း ပြည်တွင်း ပြည်ပက ကျယ်လောင်စွာ ဝေဖန် အော်ဟစ်နေကြ တယ်။ ယိမ်းယိုင် တိမ်းစောင်းနေတဲ့ တရားစီရင်ရေး မဏ္ဍိုုင်ကို အချိန်တို ကာလအတွင်း ဖြောင့်မတ်ကြံ့ခိုင်လာစေဖို့ ဆောင်ရွက်တဲ့ နည်းလမ်းတွေက လက်တွေ့ဆန်တဲ့နည်းလမ်း ၃ မျိုးရှိပါတယ်တဲ့။ တရားသူကြီး၊ တရားရေးအရာရှိ လုပ်တဲ့ဟာက အဓိက မဟုတ်ဘူးတဲ့။ ဖြောင့်မတ် မှန်ကန်မှုနဲ့ လူထုအပေါ် မေတ္တာထားရန်သာ ပဓာန ဖြစ်ပါတယ်တဲ့။ ဒါကြောင့်မို့လို့ တရားလွှတ်တော်ချုပ် အဆင့်တွေမှာ သီလ၊ သမာဓိ၊ ပညာပြည့်ဝတဲ့ ပြင်ပဥပဒေ ပညာရှင်များကိုပါ ထည့်သွင်းပြီးတော့ တာဝန်ပေးသင့် တယ်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည့်သူ့ အကျိုးစီးပွားဘက်က ရပ်တည်ပြီးတော့ ကာကွယ်ပေးရတယ်တဲ့။ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့သင့်တာမျိုး လုပ်သင့်တယ်။ သူတို့က အကြံပြုတယ်"
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ကော်မတီကို တင်ပြ တိုင်ကြားတာတွေ ရှိနေကြောင်း၊ မြန်မာနိုင်ငံမှာ အဆင့်မြင့် တရားသူကြီးတွေရဲ့ အဂတိလိုက်စားမှုတွေနဲ့ ဖြောင့်မတ်မှန်ကန်မှု မရှိတဲ့ စီရင်မှုတွေအတွက် အရေးယူ ဆောင်ရွက်နိုင်မဲ့ ဥပဒေ တိတိကျ ပြဋ္ဌာန်းဖို့ လိုအပ်ကြောင်း၊ အခြေခံဥပဒေမှာလည်း တရားသူကြီးများကို ကာကွယ်ထားတာ တွေ့ရတာကြောင့် တင်ပြရတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
ဒီအဆိုနဲ့ သုံးသပ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးဖို့ရှိကြောင်းလည်း သိရပါတယ်။