ပုဒ်မ ၆၆(ဃ) ပြင်ဆင်ဖို့နဲ့ စွဲဆို ထားတဲ့အမှုတွေကို ရပ်ဆိုင်းပေး ဖို့ တောင်းဆို


2017.06.06
section-66d-620.jpg ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဇွန်လ ၆ ရက်နေ့က သတင်းမီဒီယာသမားတွေ တွေ့ဆုံပြီး မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့စဉ်
Photo: Aung Thain Kha/RFA

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ဖို့ နဲ့ ပုဒ်မ ၆၆(ဃ) နဲ့ စွဲဆိုထားတဲ့ အမှုတွေကို ရပ် ဆိုင်းပေးဖို့ သတင်းသမား ၂၁ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့၊ သတင်း မီဒီယာသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့်ရေးသားခွင့် ရရှိဖို့နဲ့ သတင်းမီဒီယာ ဥပဒေ ပြင်ဆင်ပေးဖို့ သတင်း သမားတွေ စုပေါင်းပြီး အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော်ကို တိုက်တွန်းဖို့အတွက် ဒီကနေ့ သတင်းမီဒီယာ သမား ၂၁ ဦးပါဝင်တဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မတီက သတင်းမီဒီယာလွတ်လပ်ခွင့် ကို ထိပါးနေတဲ့ ၆၆ ဃ နဲ့ တရားမျှတမှုမရှိတဲ့ ဥပဒေ တွေကို ဖျက်သိမ်းပြင်ဆင်ပေးဖို့၊ အစိုးရ၊ တပ်မတော် နဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ပုဒ်မ ၆၆ ဃ နဲ့ စွဲဆိုထားသော အမှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ နဲ့ တောင်းဆိုချက်တွေ ရရှိဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ ပြည်သူတွေ ပူးတွဲ အကောင်အထည်ဖော်ဖို့အတွက် ကြေညာထုတ်ပြန်ပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အဲဒီကော်မတီဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိရမည် ဆိုတဲ့ စာတန်းပါတဲ့ လက်ပတ်ဖြူ လှုပ်ရှားမှု နဲ့ တခြား လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ဒီကနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ သတင်းမီဒီယာသမားတွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာ ချုပ်နဲ့ ကလောင် ရှင် ဗြိတိသျှကိုကိုမောင် တို့ ရုံးထုတ်ဖြစ်တဲ့ လာမယ့် ဇွန်လ ၈ ရက်နေ့ကနေ စပြီး ၁၈ ရက်နေ့ အထိ လက်ပတ်ဖြူ လှုပ်ရှားမှု ပြုလုပ်သွားမှာ ဖြစ်သလို ဗဟန်း တရားရုံးကနေ Eleven Media Groupနဲ့ The Voice သတင်းဌာနတွေ ကို ချီတက်လမ်းလျှောက် ကြမှာ ဖြစ်ပါတယ်။

လက်ပတ်ဖြူလှုပ်ရှားမှုကို ၁ဝ ရက်ကြာတဲ့အထိ ပြုလုပ်မှာ ဖြစ်ပြီး ဇွန်လအတွင်းမှာလည်း ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့၊ သတင်းမီဒီယာသမားတွေကို လွတ်လပ်စွာ သတင်းရယူ ခွင့်ရေးသားခွင့် ရရှိဖို့နဲ့ သတင်းမီဒီယာ ဥပဒေ ပြင်ဆင်ပေးဖို့ မီဒီယာသမားတွေ စုပေါင်းပြီး ချီတက်လမ်းလျှောက်ကြမှာ ဖြစ်ပါတယ်။

ချီတက်လမ်းလျှောက်ချိန်မှာလည်း ခွင့်ပြုချက်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။