ဂျာနယ် ၂ စောင် ထုတ်ဝေခွင့် ပိတ်ပင်
2012.07.31

အခုတစ်ပတ်အတွက် ထုတ်ဝေတဲ့ The Voice ဂျာနယ်မှာ ဖော်ပြထားတဲ့ ဝန်ကြီး (၅) ဦး အပြောင်းအရွှေ့ သတင်းနဲ့ မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့နေတာကို သရော်ထားတဲ့ ကာတွန်းရွှေဘိုရဲ့ လက်ရာကာတွန်းကို ဖော်ပြခဲ့တဲ့ အတွက်ကြောင့် အခုလို ပိတ်ပင်ခံရတာလို့ ဂျာနယ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ RFA ကို အခုလို ရှင်းပြပါတယ်။
"စာပေစိစစ်ရေးက သူတို့ သတ်မှတ်ထားတဲ့ ရှိနေတဲ့ စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာလို့ အဲဒီလိုပြောပါတယ်။ မလိုက်နာတဲ့ အချက်တွေကတော့ သူတို့ကတော့ ထုံးစံအတိုင်းပေါ့။ သူတို့က တစ်ခုတည်းကို မဟုတ်ဘဲနဲ့ ဇွန်လလောက် ကတည်းက စည်းမျဉ်း စည်းကမ်းနဲ့ မညီတာလေးတွေ အကုန်လုံး စုပြီးပြောတာပေါ့။ အဲတာနဲ့ စုပြီးတော့ ယာယီ ရပ်နားလိုက်တာပေါ့"
The Voice ဂျာနယ်ဟာ အရင်စစ်အစိုးရ လက်ထက်မှာ ၅ ကြိမ် ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရပြီး ယခုတစ်ကြိမ် ကတော့ လက်ရှိ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ် ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က-
"ဘယ်သတင်းဌာနပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ နောက်ဆုံးဗျာ ကျွန်တော်တို့နဲ့ အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ သဘောထားချင်း ဆန့်ကျင်ခဲ့တဲ့၊ မတူခဲ့တဲ့ သတင်းဌာနတွေ၊ ဂျာနယ်တွေပဲ ဖြစ်ပါစေ။ သူတို့ရဲ့ လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့် ဘက်ကတော့ ကျွန်တော်တို့ ရပ်ခံရပါလိမ့်မယ်။ အဲတာကတော့ ကျွန်တော်တို့ တလျှောက်လုံး ကျင့်သုံးခဲ့တဲ့ မူပဲ။ အဲတာကြောင့် အခု ဂျာနယ် ၂ စောင် အပိတ်ခံရတယ်ဆိုတဲ့ ကိစ္စမှာလည်း ကျွန်တော်တို့ ဒီမူအတိုင်းပဲ ရပ်ပါမယ်။ သူတို့ရဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ရေးသားခွင့်တွေမှာ မကျေနပ်လို့ရှိရင် တရားစွဲလို့ရတယ်။ တကယ်လည်း တရားစွဲ ပြီးပြီ။ အဲတာက တစ်ပိုင်းသတ်သတ်ပဲ ဖြစ်ရမယ်။ ဒီလို ဂျာနယ်တွေကို ပိတ်လိုက်တဲ့အထိ အရေးယူတယ် ဆိုတာမျိုးကတော့ ဂျာနယ်တွေရဲ့ လွတ်လပ်စွာ တင်ပြမှု၊ ဖော်ထုတ်ရေးသားမှုတွေကို လုံးဝ ဖျက်သိမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်နေတယ်။ ဘယ်နည်းနဲ့မှ ဒီမိုကရေစီလည်း မကျဘူး။ တစ်ဘက်က ဒီမိုကရေစီလို့ ဟစ်ကြွေးနေပြီးတော့ တဘက်က အာဏာရှင် လုပ်ရပ်တွေကို ဗြောင်ကျကျ လုပ်နေတယ်လို့ပဲ ကျွန်တော်မြင်တယ်"
The Voice ဂျာနယ်နည်းတူ Envoy သတင်းဂျာနယ်ကိုလည်း စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စာပေစိစစ်ရေးဌာနက ထုတ်ဝေခွင့် အကန့်အသက်မရှိ ပိတ်ပင်လိုက်တယ်လို့ Envoy ဂျာနယ် အယ်ဒီတာချုပ် ဦးဇော်ထွဋ်မောင်က RFA ကို ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။
အခုတစ်ပတ် ထုတ်ဝေတဲ့ အင်ဗွိုင်း ဂျာနယ်ထဲမှာလည်း ပြည်ထောင်စုအဆင့် အစိုးရဝန်ကြီး (၅) ဦး အပြောင်းအရွှေ့သတင်းကို ဖော်ပြထားပါတယ်။
ဒီအတောအတွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် နှစ်စောင်ကို ပိတ်ပင်လိုက်မှုနဲ့ ပတ်သက်လို့ စာပေစိစစ်ရေးရုံး အကြီးအကဲ ဦးတင့်ဆွေက သတင်းဂျာနယ်တချို့က အယ်ဒီတာတွေကို ဒီကနေ့ ခေါ်ယူ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စာပေစိစစ်ရေးရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။
ဒီသတင်းနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |