ဂျာနယ်အသစ်တွေ ထွက်မှာမို့ သတင်းထောက် အပြောင်းအရွှေ့တွေဖြစ်
2011.09.01

AFP
အတွေ့အကြုံ ရှိတဲ့ စာနယ်ဇင်းသမားတွေကို လစာတွေ အများကြီး ပိုပေးနေတာကြောင့် ဂျာနယ်နဲ့ မဂ္ဂဇင်းတချို့က သတင်းထောက်တွေ လက်ရှိ အလုပ်ကနေ ပြောင်းကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စာနယ်ဇင်းသမား တဦးက အခုလို ပြောပြပါတယ်။
"Winner က အောင်ဇော်မြင့်က သတင်းဂျာနယ် ထုတ်မယ်။ IGE ကတော့ ကြာပါပြီ။ Myanmar Wall Street ဆိုပြီးတော့လေ။ အေဒင် ဦးချစ်ခိုင်လည်းဂျာနယ်ထုတ်မယ် ကြားတယ်။ ဒါပေမဲ့ ကျနော်ကြားတာကတော့ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်က လုပ်ခိုင်းတာလို့ ပြောတယ်။ အဲလို ဂျာနယ် အသစ်တွေ ပေါ်လာတဲ့အတွက် လက်ရှိလုပ်နေတဲ့ သတင်းဂျာနယ်က လူတွေကို သူတို့က လစာ ကောင်းကောင်းပေးပြီး ခေါ်ကြတာပေါ့။"
Myanmar Times လို ဒေါ်လာနဲ့ လစာရတဲ့ တိုက်က သတင်းထောက်တွေဟာလည်း ဒေါ်လာဈေး ကျဆင်းတဲ့ အတွက် ဝင်ငွေနည်းသွားတာမို့ လစာငွေ ပိုရတဲ့တိုက် ပြောင်းသွားတဲ့ သဘောမျိုးလည်း ရှိတယ်လို့ Myanmar Times ကနေ နုတ်ထွက်သွားတဲ့ စာနယ်ဇင်းသမား တဦး ပြောပါတယ်။
တချို့ကတော့ Myanmar Times ကနေ ၁၂ ယောက်ထက် မနည်း နုတ်ထွက်သွားပြီး The Voice ဂျာနယ်က သတင်းထောက် အတော်တော် များများ
Winner ကို ပြောင်းလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
ဦးအောင်သောင်းရဲ့သားတွေ ပိုင်တဲ့ IGE က ထုတ်ဝေမယ့် ဂျာနယ်မှာ Myanmar Times မှာလုပ်ခဲ့ဖူးတဲ့ ဒေါ်စုမြတ်လှက ညွှန်ကြားရေးမှူး တာဝန်ယူမယ်လို့ သိရပါတယ်။
အားကစား ဂျာနယ်တွေ အောင်မြင်တဲ့ အချိန်တုန်းက အားကစား စာစောင်တွေ လိုက်ထုတ်ဝေကြပြီး အခု သတင်း ဂျာနယ်တွေ ထွန်းကားလို့ သတင်းဂျာနယ်တွေ ထုတ်ဝေမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် စီးပွားရေး ကဏ္ဍကိုလည်း ဇောင်းပေး သတင်းရေးကြလိမ့်မယ်လို့ တွက်ဆကြပါတယ်။
အခုလို စာနယ်ဇင်းသမား လစာများတဲ့ တိုက်ကို ပြောင်းနေကြတာမို့ တချို့ စာစောင်တွေလည်း လက်ရှိ စာနယ်ဇင်းသမားကို လစာ တိုးပေးနေတယ်လို့လည်း သိရပါတယ်။