အင်ဂျလီနာဂျိုလီ ကချင်အမျိုးသမီး အဖွဲ့ ၇ ဖွဲ့နဲ့ တွေ့ဆုံ


2015.07.31
jolie-kachin-trip-620 ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဇူလိုင် ၃ဝ ရက်နေ့က ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ရောက်ရှိစဉ်
Photo: Kyaw Myo Min/RFA

UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ် ကမ္ဘာကျော်ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်အမျိုးသမီးအဖဲ့ွ ၇ ဖွဲ့နဲ့ မနေ့ညက တွေ့ဆုံပြီး အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုအခြေအနေကို မေးမြန်းခဲ့ပါတယ်။

မင်းသမီးဂျိုလီနဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ထွယ်ဂျဲန်ဒါနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အစီအစဉ်ညှိနှိုင်းရေး မှူး ဒေါ်နန်ပူက သူတို့ဆွေးနွေးခဲ့တဲ့ အခြေအနေတွေကို အခုလိုပြောပါတယ်။

"လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာလည်းပဲနော် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာ အမျိုးသမီးအရေးနဲ့ အမျိုးသမီးအရေးဒုက္ခသည် စစ်ကြောင့်ဖြစ်ပေါ်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကို ဖြေရှင်းပေးမှု ဆွေးနွေးမှုပေါ့နော်၊ အဲ့ဒါမရှိဘူးဆိုတာလည်း သူတင်ပြတယ်၊ အဲ့ဒါကြောင့်မို့လို့ ကချင်ဒေသမှာ ကျမတို့ အမျိုးသမီးတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကျမတင်ပြတယ်၊ အဲ့ဒီလိုတင်ပြတဲ့အခါမှာ အိုင်ဒီဘီက တစ်သိန်းနှစ်သောင်းရှိပါတယ်၊ အဲ့ဒီအထဲမှာ အများစုကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်၊ အဲ့ဒီအထဲမှာ ဒီနေ့အထိကို တစ်ရာကျော် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ခံရတဲ့အကြောင်းကို ကျမတို့ ပြောဖြစ်ပါတယ်"

မင်းသမီး ဂျိုလီဟာ မြစ်ကြီးနားမြို့အနီး ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော်နဲ့ ပလန ရပ်ကွက်မှာရှိတဲ့ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းတွေကို မနေ့က သွားရောက်လေ့လာပြီး ဒီနေ့ညနေမှာ ရန်ကုန်မြို့ကို ရောက်ရှိပါတယ်။

မင်းသမီး အင်ဂျလီနာဂျိုလီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းတို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။