အမျိုးသမီးအရေး မြန်မာအစိုးရကို ဂျိုလီ တိုက်တွန်း
2015.07.31

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေကို တရားဥပဒေနဲ့ အညီ အရေးယူယူဖို့ မြန်မာနိုင်ငံ ရောက်နေ တဲ့ ဟောလီးဝုဒ်အကျော်အမော် ရုပ်ရှင်မင်းသမီး Angelina Jolie က ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။
အော်စကာဆုရှင်လည်းဖြစ်၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ် လည်းဖြစ်တဲ့ Angelina Jolie ဟာ စစ်ဘေးကြောင့် ကချင် ပြည်နယ်က နေရပ်ရွှေ့ပြောင်းခံရသူတွေနဲ့ သွားရောက်တွေ့ ဆုံပြီးတဲ့နောက် အဲဒီလို ပြောလိုက်တာပါ။ ကချင်အမျိုးသမီး ၇ ဖွဲ့ နဲ့ တွေ့ဆုံချိန်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေ ကို ဆွေးနွေးပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ ထွယ် Genderနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်နန်ပူက သူဆွေးနွေးခဲ့ တာတွေကို ပြောပြပါတယ်။
"လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာ အမျိုးသမီး အရေးနဲ့ အမျိုးသမီးတွေ ရဲ့ဆင်းရဲဒုက္ခတွေ စစ်ကြောင့်ဖြစ်ပေါ်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဖြေရှင်းပေး မှု၊ ဆွေးနွေးမှုပေါ့နော်၊ အဲ့ဒါတွေမရှိဘူး ဆိုတာသူတင်ပြသွားတယ်၊ အဲ့ဒါကြောင့်မို့လို့ ကချင်ဒေသမှာ ကျမတို့ အမျိုးသမီးတွေရဲ့ ဆင်းရဲဒုက္ခတွေကို တင်ပြတယ်၊ ဒီနေ့ထိကို ၁၀၀ ကျော်ပြီ၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရတဲ့အကြောင်းတွေကို ကျမတို့ပြောဖြစ်ပါတယ်"
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အဓိပ္ပာယ်ရှိရှိနဲ့ တက်တက်ကြွကြွပါဝင်ဖို့ လိုအပ်တယ် လို့ Angelina Jolie က ပြောပါတယ်။
နေရပ်ရွှေ့ပြောင်းခံရသူတွေ အပါအဝင် မြန်မာပြည်သူအားလုံး သူတို့အနာဂတ် အကျိုးသက်ရောက်စေမယ့် ဆုံးဖြတ် ချက်ချမှတ်နိုင်ဖို့ အပစ်ရပ်ရေးဆွေးနွေး ပွဲတွေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ရေးက မရှိမဖြစ်လိုအပ်ပါတယ်လို့ လည်း ပြောပါတယ်။
အသက် ၉၀ ရွယ် အမျိုးသမီးကြီးတစ်ဦးက ၁၉၆၀ ပြည့်လွန်နှစ်တွေကစလို့ သူ့ဘဝတလျှောက် နေရပ်ပဲရွေ့ပြောင်းနေ ရတာ ၁၀ ကြိမ်လောက်ရှိပြီး ၂၀၁၂ ခု က နောက်ဆုံးပြောင်းရွှေ့ရတယ်လို့ Angelina Jolie ကို ပြောပြပါတယ်။
ဒီလူတွေအတွက် ဆေးဝါးအကူအညီ၊ ဥပဒေရေးရာနဲ့ စိတ်ဓာတ်ရေးရာ အကူအညီတွေ အရေးတကြီးလိုအပ်နေပါတယ် လို့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး က ပြောပါတယ်။ ဒါတင်မက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သူအားလုံးကို တရားဥပဒေ အရ အရေးယူဖို့ လိုတယ်လို့ပြောပါတယ်။
ကချင်ပြည်နယ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူတွေနဲ့ တွေ့ရတာ စိတ်ထိခိုက် ရပါတယ်လို့လည်း ပြောပါတယ်။
Angelina Jolie ဟာ မြစ်ကြီးနားကနေ ရန်ကုန်ကို မနေ့က ရောက်ရှိလာပြီး မဲစာရင်းပညာပေး အဖွဲ့တစ်ဖွဲ့နဲ့ တွေ့ဆုံ ပါတယ်။
သူဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာပြီး ၂၀၁၁ ခုက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူတစ် သိန်းလောက် စစ်ဘေးရှောင်ဖို့နေရပ် ကရွှေ့ပြောင်းရတဲ့ ကချင်ပြည်နယ်ကို မထွက်ခွာခင် သမ္မတဦးသိန်းစိန် နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။