မြန်မာအစိုးရသစ်ကို အမေရိကန်ပြည်ထောင်စုက စောင့်ကြည့်နေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရသစ်ကို ထင်သာမြင်သာ ရှိရှိ တိုးတက်အောင် လုပ်ဖို့ ပြောနေတဲ့ မူဝါဒရှိပါတယ်။ ဒါကို ကျနော်တို့ စောင့်ကြည့်နေပါတယ်လို့ အမေရိကန်အထက် လွှတ်တော် အမတ် Mr. Jim Webb က သြဂုတ်လ ၁၅ ရက်နေ့က ပြောသွားပါတယ်။

2011.08.15
webb-bkk305.jpg အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီ ဥက္ကဌ အထက်လွှတ်တော် အမတ် Jim Webb အာရှဒေသ ခရီးလှည့်လည်ချိန်အတွင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ထိုင်းဝန်ကြီးချုပ် ရုံးစိုက်ရာ အစိုးရအိမ်တော်တွင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မေးခွန်းများကို ဖြေကြားခဲ့သည်။ ဓါတ်ပုံ - RFA
RFA

အာရှဒေသ ခရီးလှည့်လည်ချိန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ထိုင်းဝန်ကြီးချုပ်ရုံးစိုက်ရာ အစိုးရအိမ်တော်မှာ ဒီနေ့ မွန်းလွဲပိုင်းမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာကော်မတီဥက္ကဌက အဲဒီလို ပြောသွားတာပါ။

Mr. Jim Webb ဟာ ထိုင်းဝန်ကြီးချုပ်သစ် Yingluck Shinawatra နဲ့ ဒီနေ့တွေ့ဆုံပြီး မနက်ဖြန်မှာ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့တွေ့ဆုံမယ်လို့ပြောပါတယ်။

ဒီနေ့ အရေးအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ဒီနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာ ကျွန်တော် ဝမ်းမြောက်ရ ပါတယ်။ ဒါဟာ အရှေ့တောင်အာရှက ကျန်တဲ့နေရာတွေ အတွက် ဒီမိုကရေစီရေး နမူနာကောင်း ဖြစ်ပါတယ်။ ဗန်ကောက်မြို့မှာ မနှစ်က ဆူပူမှုတွေ ဖြစ်ပွား ပြီးပြီးချင်း ဒီကို ကျနော် ရောက်ခဲ့ပြီး ဒီမှာ ဖြစ်ပျက်တာတွေ မြင်တွေ့ရတာ အင်မတန်မှ စိတ်ဆင်းရဲရ ပါတယ်။ အခုတော့ ထိုင်းနိုင်ငံမှာ ဖြစ်နေရမယ့် ဒီမိုကရေစီ လမ်းကြောင်းဘက် ပြန်ရောက်လာပြီလို့ ထင်ပါတယ်လို့ ပြောသွားပါတယ်။

Mr. Jim Webb ဟာ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ခရီးလှည့်လည် နေပါတယ်။

သူဟာ မြန်မာနိုင်ငံကို ၂၀၀၉ ခု သြဂုတ်လက ရောက်လာခဲ့ပါတယ်။ ဒါဟာ ဆယ်နှစ်ကျော် အတွင်း မြန်မာနိုင်ငံကို ပထမဆုံး ရောက်လာတဲ့ အမေရိကန် အဆင့်မြင့် တာဝန်ရှိသူ တဦးရဲ့ခရီးစဉ် ဖြစ်ပြီး အဲဒီတုန်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။