ငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီ နောက်ဆုံးပတ်မှာ ကျင်းပမည်
2017.11.27

တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ကျင်းပမယ်လို့ ဒီနေ့ ကျင်းပတဲ့ JICM အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပပြီး သဘောတူဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
JICM အစည်းအဝေးမှာ EAOs ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က အခုလိုပြောပါတယ်။
“အားလုံးသိတဲ့အတိုင်း ကျနော်တို့ တိုင်းပြည်ရဲ့ အခင်းအကျင်း၊ ရခိုင်ပြည်နယ် အခက်အခဲ၊ ကျနော်တို့ ပထမအကြိမ် ကျင်းပပြီးတဲ့နောက် သုံးသပ်နေတဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို ခြုံငုံပြီးတော့ အခြေအနေ အချိန်အခါ အားလုံး သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်လိုက်တာဖြစ်ပါတယ်။ မကောင်းတဲ့ဘက် ဦးတည်ပြီး ရွှေ့ဆိုင်းတဲ့ သဘောမဟုတ်ဘူး”
ပင်လုံညီလာခံတွေကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပဖို့ စီစဉ်ထားပေမယ့် ဒီနှစ် ၂၀၁၇ ခုနှစ်မှာတော့ ပြီးခဲ့တဲ့ မေလမှာ တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်စတဲ့ ကဏ္ဍတွေမှာ သဘောတူညီချက် ၃၇ ချက်ရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူဦးမှာဖြစ်ပါတယ်။
ဒီနေ့ ကျင်းပတဲ့ JICM အစည်းအဝေးမှာ ရှမ်းပြည်နယ်အတွင်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နေရာရွေးချယ်မှု အခက်အခဲကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားဝင်စေ့စပ်ပေးတဲ့အတွက် ပြေလည်မှုရရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က တောင်ကြီးနဲ့ ပင်လုံ၊ တပ်မတော်က မိုင်းပန်မြို့နယ်ကို အဆိုပြုထားတာကြောင့် ညှိနှိုင်းလို့မရဖြစ်နေတဲ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က လင်းခေးခရိုင်မှာ ကျင်းပဖို့ ကြားဝင်စေ့စပ်ပေးခဲ့တာဖြစ်ပါတယ်။