ရိုဟင်ဂျာအရေး စုံစမ်းဖို့ ICC ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်


2019.07.23
jamesstewart-622.jpg ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ဒုတိယ ဥပဒေအရာရှိချုပ် James Stewart ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမှာ ၂၀၁၉၊ ဇူလိုင် ၁၈ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကလက်ထောက်ရှေ့နေချုပ် James Stewart ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေအပေါ် လူသားမဆန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို ကနဦးလာရောက်တာဖြစ်တယ်လို့ အမေရိကန်အခြေစိုက် သတင်းဌာနဖြစ်တဲ့ Benar News က ရေးသားဖော်ပြပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်ကြာ သွားရောက် ခဲ့ပါတယ်။

ခရီးစဉ်အတွင်း Cox’s Bazar ကော့ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေနဲ့ နှစ်နိုင်ငံနယ်စပ်မျဉ်းမှာ နေထိုင်နေကြသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒုက္ခသည်တွေနဲ့ တရားဝင်တွေ့ဆုံပွဲလိုမျိုး လုပ်သွားတာမရှိဘဲ ဒုက္ခသည်တချို့ကို ဘာကြောင့် သူတို့ ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးတာလဲ ဆိုတာတွေသာ မေးမြန်းသွားတယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ တော်တော်များများက ဒုက္ခသည်စခန်းတွေကို အမြဲမပျက်လာရောက် မေးမြန်းတာတွေရှိနေပြီး လက်ရှိမှာလည်း စခန်းအတွင်း မေးမြန်းမှုတွေရှိနေတယ်လို့ ကုတူပါလောင်ဒုက္ခသည်စခန်း အမှတ်(၅) က နူအာလော် က RFA ကို ပြောပါတယ်။

ICC က ရောက်တယ်လို့ ကြားတယ်။ ဒါပေမဲ့ ကျနော် မတွေ့ဘူး။ သူတို့ကလည်း တွေ့တဲ့လူနဲ့ စကားပဲ ပြောသွားတယ်။ အမှုစစ်တွေက သူတို့က စခန်းမှာလာပြီးတော့မှ တရားစွဲနိုင်မလား မစွဲနိုင်မလားဆိုတာ ဆုံးဖြတ်မယ်တဲ့။ ကျနော်တို့ ဒုက္ခသည်စခန်းမှာ ICC က ဥပဒေပိုင်းဆိုင်ရာလူတွေက ဝင်စစ်ဆေးနေတယ်။ သူတို့ပြောတာက ICC နဲ့ သက်ဆိုင်တဲ့ ဥပဒေပိုင်းဆိုင်ရာလူလို့ ပြောတယ်။ တဖွဲ့က မြောက်ကိုရီးယားက တစ်ဖွဲ့။”

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးနဲ့ နေရာချထားရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့လည်း ICC ကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံခဲ့ပါသေးတယ်။

ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ဟာ စုံစမ်းစစ်ဆေးဖို့လာတာ မဟုတ်သလို အချက်အလက် ရှာဖွေဖို့လည်း မဟုတ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အရာရှိတွေနဲ့ ဒုက္ခသည်တွေကို သူတို့ဘယ်လို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်ဆိုတာကို သာလာပြောတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေဟာ  လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုတွေကျူးလွန်ခဲ့တဲ့အတွက် တရားဝင်စတင်စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေ Fatou Bensouda က တရားရုံးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က တင်ပြခဲ့တာရှိခဲ့ပါတယ်။

အဲဒီလိုတင်ပြအပြီးမှာ ICC လက်ထောက်ရှေ့နေချုပ် James Stewart ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

သက်သေထောက်ထား ခိုင်ခိုင်မာမာရဖို့ခက်တာနဲ့ ကျူးလွန်ခံရသူတွေကိုယ်တိုင် ICC မှာ သက်သေထွက်ဖို့ ခက်တာတွေကြောင့် တပ်မတော်ကို ICC  တင်ဖို့ဆိုတာ မလွယ်ကူဘူးလို့ အာရှလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က မှတ်ချက်ပြုပါတယ်။

စွဲတင်နိုင်ဖို့အတွက် သက်သေအထောက်အထားတွေ လိုတာပေါ့။ လိုလို့လည်း အခုလိုမျိုး မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ နယ်စပ်ဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်လာတာ။ နစ်နာတဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းနိုင်ဖို့ လာတယ်လို့ ကျနော်တို့ ထင်တယ်။ သို့သော်လည်းပဲ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ မဟုတ်တဲ့ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေအပေါ် အရေးယူဖို့ဆိုတာက မလွယ်ကူသေးဘူးလို့ ကျနော်က မြင်ပါတယ်။ သက်သေအထောက်အထား ခိုင်ခိုင်မာမာရဖို့မလွယ်ဘူး။ နောက်ပြီး ကျူးလွန်ခံရသူတွေကိုယ်တိုင်က ICC ကိုလာပြီး သက်သေထွက်ဆိုနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူးခင်ဗျ။”

မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ICC နဲ့ ပတ်သက်လို့ သက်ရောက်မှုမရှိဘူးလို့ မြန်မာအစိုးရ ဘက်က ပြောကြားထားတာတွေရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံဖြစ်လို့ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးတဲ့ကိစ္စမှာ ICC အနေနဲ့ စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ကြေညာချက်ကိုလည်း ICC က ထုတ်ပြန်ထားတာရှိပါတယ်။

တဆက်တည်းမှာလည်း ICC အဖွဲ့ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦး၊ ဗိုလ်မှူးချုပ်အောင်အောင်နဲ့ မိသားစုဝင်တွေကို မြန်မာနိုင်ငံက လူ့အခွင့် အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး ပြည်ဝင်ခွင့် ပိတ်ဆို့ခဲ့တာလည်း ရှိခဲ့ပါတယ်။

တပ်မတော်ကို နိုင်ငံတကာရာဇဝတ်တရားရုံးတင်ဖို့ လှုပ်ရှားဆောင်ရွက်နေကြတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောတာက

စွဲတင်ဖို့ အချက်တွေရှိမရှိ ရှာဖွေဖို့ ခွင့်ပြုလိုက်တယ်ဆိုတာတော့ ကျနော်တို့ သိပါတယ်ခင်ဗျ။ ကျနော်တို့ အနေနဲ့က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်နေတာရှိတယ်။ ယခင်က တွေ့ရှိချက်တွေကို ကျနော်တို့ အသေးစိတ်စစ်ဆေးမယ်။ အားလုံးကို ကျနော်တို့ ဖိတ်ခေါ်ထားတာရှိတယ်။ အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ် အသီးသီးကနေ သူတို့ တိုင်ကြားချင်တာ၊ သူတို့ ပြောကြားချင်တဲ့ အချက်အလက်တွေကို ဖိတ်ခေါ်ထားတယ်။ ဒါတွေက ပေါ်ပေါက်လာရင်လည်း ကျနော်တို့ လျစ်လျူရှုသွားမှာ မဟုတ်ဘူး။ ”

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့အနေနဲ့လည်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး လာမယ့် ဇူလိုင်လ၂၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားဖို့ရှိနေပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာမယ်ဆိုတာကြောင့် ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းခေါင်းဆောင်တွေဟာ မြန်မာအစိုးရထံတင်ပြလို့တဲ့ အကြောင်းအရာတွေကို ဒုက္ခသည်တွေဆီက သဘောထားတောင်းခံနေပြီး တွေ့ဆုံပွဲတွေ လုပ်ဆောင်နေကြတယ်လို့  ပြောပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။