အီတာလျံ-ထိုင်းကုမ္ပဏီ ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း ရပ်နား
2013.12.02
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းတွေအားလုံးကို ရပ်နားခိုင်းလိုက်ကြောင်း ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပို့ဆောင်ရေး ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ ဒီနေ့ပြုလုပ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဖွံံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောခဲ့တာပါ။
အခုလို ရပ်နားလိုက်တာဟာ မြန်မာအစိုးရ၊ ထိုင်းအစိုးရနဲ့ အီတာလျံထိုင်းကုမ္ပဏီတို့ ဆွေးနွေးပြီး ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်ထည်ဖော်ရာမှာ ပိုမိုမြန်ဆန်စေဖို့အတွက် လုပ်ငန်းရပ်နားလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို ရပ်နားလိုက်တာဟာ လုပ်ငန်းနှောင့်နှေးတာကြောင့်လည်းပါဝင်သလို အဲဒီစီမံကိန်းတွေမှာ နိုင်ငံတကာက တခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံလိုသူတွေ ပါဝင်လာနိုင်အောင် ပြန်လည်ပြုပြင်ပြီး တင်ဒါစနစ်နဲ့ ခေါ်ယူသွားမှာဖြစ်တယ် လို့ သိရပါတယ်။ အဲဒီလို တင်ဒါခေါ်ယူရာမှာလည်း နိုင်ငံတကာက ပညာရှင်တွေကိုခေါ်ယူပြီး စီစဉ်သွားမယ် လို့ ပြောပါတယ်။
ဒါ့အပြင် စီမံကိန်းကိုတာဝန်ယူခဲ့တဲ့ အီတာလျံ ထိုင်းကုမ္မဏီရဲ့ အသုံးစားရိတ်တွေကို နိုင်ငံတကာစာရင်းစစ်တွေ နဲ့ ခေါ်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အီတာလျံ ထိုင်း ကုမ္ပဏီအနေနဲ့လည်း နောင်မှာလုပ်ငန်းဆောင်ရွက် လိုတယ်ဆိုရင် အများနည်းတူ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။