ဧရာဝတီမြစ်ကမ်းပြို၍ ရွာရွှေ့ပြောင်းရ
2012.06.22

အခု လေး ငါးရက် အတွင်း နေလို့မရအောင် ကမ်းကပြိုလာပြီလို့ ငမြာကြီးရွာ ဒေသခံ ဦးကြည်ဝင်းက ပြောပါတယ်။
"ငမြာကြီးရော၊ လေးရာပြည့်ရွာနဲ့ ငါးလန် သုံးရွာလုံး ပြိုနေတယ်ခင်ဗျ။ အိမ်တွေဖျက်ပြီး ရွှေ့နေရတယ်။ ဟိုဘက်က ကပ်ရက် ငမြာလေး ဆိုတဲ့နေရာကို ရွှေ့ရတယ်ခင်ဗျ။ လက်ရှိပေါက်ဈေးက မြေ တစ်ဧကမှာ ၆ သိန်းခွဲ ၇ သိန်း လောက်ပဲ ရှိတယ်။ ကျွန်တော်တို့ ဒီကမ်းပြိုလို့ အိမ်တွေရွှေ့ဖို့ ဝိုင်းကွက် စိတ်နေရသူတွေက တစ်ဧကကို ၁၅ သိန်း ပေးရတယ်ခင်ဗျ။ ငါးလန်နဲ့ လေးရာပြည့်က ၁၉ သိန်းနှုန်း ပေးရတယ်ခင်ဗျ။ တစ်လခွဲလောက်က တော်တော် အနေအထိုင် ဆိုးတယ်။ ရွာအပြင်မှာ ပစ္စည်းတွေ ပုံပြီးတော့ လူတွေက တဲတွေနဲ့ ဖြစ်သလို နေရတာ၊ အခုဟာ သောက်ရေရရှိဖို့ကို ကျွန်တော် တို့မှာ တော်တော် ခက်ခဲနေတယ်ခင်ဗျ"
လောလောဆယ်မှာ သောက်ရေရဖို့ တစ်မိုင်လောက်ဝေးတဲ့ နေရာက အဝီစိတွင်းရေကို အားကိုးနေရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ကမ်းစပြိုနေပြီး နေရေး ထိုင်ရေး အခက်အခဲ ကြုံတွေ့နေရတာပါ။
ဒီအကြောင်းကိုသိလို့ သက်ဆိုင်ရာက စီစဉ်ပေးလို့ တခြားမှာ မြေနေရာ ဝယ်ယူနိုင်ပေမဲ့ ရှိတဲ့အိမ်ထောင်စုဦးရေနဲ့ ဝယ်နိုင်တဲ့ မြေကွက်က မမျှတ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ တကယ်လို့သာ ဧရာဝတီ မြစ်ကမ်းပါးဟာ ဒီပုံ ဒီနည်းအတိုင်း ပြိုနေမယ်ဆိုရင် အခု ပြောင်းလိုက်ရတဲ့ နေရာကလည်း သုံး လေးနှစ်ပဲ ခံမယ်လို့ ဦးကြည်ဝင်းက ခန့်မှန်းပါတယ်။ မြစ်အထက်ပိုင်းမှာ မိုးရွာတာနဲ့အမျှ မြစ်ထဲ မှာ မြေဆီလွှာတွေ ပါလာပြီး မြစ်ကြောင်းထဲ မြေလွှာတွေ အနယ်ထိုင် လာရာက မြစ်ကြောင်းတွေ တိမ်ကောလာပါတယ်။ ဒီအတွက် မိုးရွာလို့ မြစ်ရေ တက်လာတဲ့အခါ မြစ်ကမ်းပါးတွေ ပြိုကုန်ပြီး ဒီလို ရွာတွေ ရွှေ့ပြောင်းရတဲ့ ပြဿနာတွေ ပေါ်ပေါက်လာပါတယ်။
ဒီအတောအတွင်း အစိုးရ သတင်းစာတွေမှာတော့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်း စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။