ဧရာဝတီ အတွက် လှုပ်ရှားမှုတခု
2011.08.16

RFA
ဒီလှုပ်ရှားမှုဟာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု မဟုတ်ဘဲ ဧရာဝတီမြစ် ထာဝရ ရှင်သန်လိုသူများ အမည်ခံ လူထုလူတန်းစား ပေါင်းစုံက လှုပ်ရှားမှုကို နိုင်ငံတော်က သိအောင် တင်ပြတာ ဖြစ်တယ်လို့ စည်းရုံး လှုံ့ဆော်သူ တွေက ပြောပါတယ်။
လက်မှတ်များ လိုက်လံ ရယူရာမှာ လူထုအနေနဲ့ တော်တော်လေးကို စိတ်ပါဝင်စားတာ တွေ့ရတယ်လို့ စည်းရုံးရေးမှူး တဦးဖြစ်တဲ့ ကိုမြတ်သူက ပြောပါတယ်။
“လူထုတွေ ထဲမှာတော့ အတော့်ကို စိတ်ဝင်းစားတာ တွေ့ရတယ်။ ကျနော်တို့က သေချာရှင်းပြတယ်။ ဒါဟာ ဥပဒေ ချိုးဖောက်တာ မဟုတ်တဲ့ အကြောင်း၊ ဘာအန္တရာယ်မှ မရှိစေရဘူး ဆိုတဲ့ အကြောင်း၊ ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး လှုပ်ရှားမှုသာ ဖြစ်တယ်။ သမ္မတကို မေတ္တာရပ်ခံတာသာ ဖြစ်တဲ့အကြောင်း ရှင်းပြတော့ လူထုက လက်မှတ်ထိုးဖို့ စိတ်အားထက်သန် ကြပါတယ်”
အခုလှုပ်ရှားမှုကို ရန်ကုန်မြို့နဲ့အတူ တခြား နယ်မြို့တွေ အပါအဝင် လူငယ်အဖွဲ့အစည်းများ ကွန်ယက် များက တဆင့်လည်း လက်မှတ်တွေ လိုက်လံ ကောက်ခံမှာ ဖြစ်တယ်လို့သိရပါတယ်။
နိုင်ငံတော် သမ္မတထံ ပေးပို့တဲ မေတ္တာရပ်ခံစာမှာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ ဆည်တွေ အပါအဝင် ဒေသဆိုင်ရာတွေရဲ့ စီမံခန့်ခွဲမှု မှားယွင်းတာတွေကြောင့် ဧရာဝတီမြစ်ကြီး ထိခိုက်ရတဲ့ အကြောင်းတွေ အပြင် စီးပွားရေး ဝိသမ လောဘသားတွေကြောင့် ဧရာဝတီမြစ်ကြီး ထိခိုက်ရတဲ့ အခြေအနေ တွေကို ရေးသားပြီး ဧရာဝတီကို ကယ်တင်ဖို့ မေတ္တာရပ်ခံ ထားတာ ဖြစ်ပါတယ်။
ကောက်ခံ ရရှိတဲ့ လက်မှတ်တွေကို အပတ်စဉ် သမ္မတ ဦးသိန်းစိန်ရုံးကို ဆက်လက်ပို့ဆောင် မှာဖြစ်တယ်လို့ သိရပါတယ်။