ဧရာဝတီအတွက် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

ဧရာဝတီမြစ်နဲ့ ဆက်စပ် ဖြစ်ပေါ်လာတဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ၊ အတတ်ပညာ ဆိုင်ရာနဲ့ နိုင်ငံရေး ပြဿနာ အလုံးစုံကို အားလုံး ပူးပေါင်း ဆောင်ရွက်ရင် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ကြပါမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက် ပါတယ်။

2011.08.11
irrawaddy-smallboat-eco-305-z- ဧရာဝတီ မြစ်ကြောင်းတလျှောက် မြစ်ကို အမှီပြုပြီး နေထိုင် လုပ်ကိုင်နေကြရသော ပြည်သူများကို တွေ့ရစဉ်။ လက်လုပ်လက်စား ပြည်သူများသည် ယနေ့ထက်တိုင် လှေကို အားထားပြီး သွားလာနေရဆဲ ဖြစ်ပါသည်။ (ဓါတ်ပုံ - RFA)
RFA

သြဂုတ်လ ၁၁ ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်တဲ့ ဧရာဝတီ အတွက် ပန်ကြားချက်မှာ အဲဒီလို ဖော်ပြထားတာပါ။

ဒီကြေငြာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။

"သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ထိမ်းသိမ်းသူများ၊ ငြိမ်းချမ်းရေး တရားနဲ့ သဟဇာတ ဖြစ်ရေးကို မြတ်နိုးကြသူ အားလုံးအတွက် အာရှတိုက်ရဲ့ အရေးပါဆုံး မြစ်တစ်ခု ဖြစ်တဲ့ ဧရာဝတီကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်များမှ ကမ္ဘာတဝှမ်းလုံးမှ သိရှိ နားလည်ကြစေရန်၊ အတူဝိုင်းဝန်း ဆောင်ရွက်ကြစေရန် ပန်ကြားပါတယ်။ ဒါဟာ ဒီ ပန်ကြားလွှာထုတ်ရတဲ့ ရည်ရွယ်ချက်ဘဲ ဖြစ်ပါတယ်။"

ဧရာဝတီအတွက် ပန်ကြားချက်မှာ ကချင် ပြည်နယ်ကနေ ဧရာဝတီမြစ်ကြီး စတင် မြစ်ဖျားခံရာက အိန္ဒိယ သမုဒ္ဒရာထဲ စီးဝင်တဲ့ အကြောင်း၊ တိရစ္ဆာန်နဲ့ အပင်စုံလင်တဲ့ ဗီဝမျိုုးစုံ မျိုးကွဲရှိတဲ့ မြစ်ဖြစ်တဲ့ အကြောင်း အစချီထားပြီး ဧရာဝတီမြစ်ဝှမ်းက ရေဝေရေလဲ သစ်တောတွေ ပြုန်းတီးနေတဲ့ အကြောင်းနဲ့ မြစ်ကြောင်းတွေ တိမ်ကောလာတဲ့ အကြောင်း စတာတွေ ဖော်ပြထားပါတယ်။

ဒါတွေအပြင် ရေအား လျှပ်စစ်စက်ရုံနဲ့ ဆည်တွေ တည်ဆောက်တာဟာ အကျိုးအမြတ် ရှိသလို ဆိုးကျိုးတွေလည်း ရှိတယ်လို့လည်း ထောက်ပြထား ပါတယ်။

မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် မြန်မာ အစိုးရ အဆက်ဆက် ကချင် တိုင်းရင်းသားတွေ အကျိုးစီးပွားကို လစ်လျုရှုခဲ့တယ် ဆိုတဲ့ ခံယူချက် ပိုကြိးထွားလာတယ် လို့လည်း ရေးထားပါတယ်။

ပန်ကြားချက် နိဂုံးမှာ ဧရာဝတီကို ကယ်တင်ကြပါစို့ ဆိုတဲ့ ခေါင်းစဉ်ငယ်နဲ့ ဒီမြစ်ကြီး အကျိုး အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်လို့ ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။