ပုဒ်မ ၁၈ ပြင်ဆင်ပေးရေး ဧရာဝတီတိုင်းမှာ ဆန္ဒကောက်ခံ
2013.12.15
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ ပါ စုဝေးဆန္ဒဖော်ထုတ်ခွင့်ကို အုပ်ချုပ်ရေးမှူးတွေဆီ ခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အချက်ပယ်ဖျက်ရေးကို သမ္မတဆီ တင်ပြတောင်းဆိုဖို့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်အသီးသီးမှာ ပြည်သူတွေရဲ့ သဘောထားဆန္ဒ ကောက်ခံနေကြပါတယ်။
မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်နဲ့ တောင်သူလယ်သမားနဲ့ ရေလုပ်သားသမဂ္ဂအဖွဲ့တို့ ပူးပေါင်းပြီး မနေ့က စတင်ကောက်ခံတာဖြစ်ပါတယ်။
အဲဒီဆန္ဒသဘောထားလက်မှတ်တွေကို ဒီဇင်ဘာလမကုန်ခင် သမ္မတအပါအဝင် သက်ဆိုင်ရာဌာနတွေ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုး တက်ရေးကွန်ရက်က ကိုသော်ဇင်က ပြောပါတယ်။
“ဒီမိုကရေစီ သွားနေတဲ့လမ်းကြောင်းမှာ အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၁၈ မှာပါတဲ့ နည်းဥပဒေ လွတ်လပ်စွာစုဝေး ဆန္ဒဖော်ထုတ်ခွင့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ရမယ်၊ မြို့နယ်ဦးစီးမှူးကိုတင်ရမယ် ဆိုတဲ့အချက်တွေကို အဓိကပယ်ဖျက်ပေးဖို့ ပြင်ဆင်ပေးဖို့ ဆန္ဒသဘောထားကောက်တာပါ၊ လူတွေရဲ့သဘောထား ဆန္ဒအတိုင်းဆိုပြီးတော့ သမ္မတအပါအဝင် တရားဥပဒေ စိုးမိုးရေးကော်မတီနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျနော်တို့စာတင်သွားမှာပါ”
အဲဒီလို ဆန္ဒသဘောထား ကောက်ခံပြီးတဲ့ နှစ်ရက်အတွင်းမှာ လက်မှတ်ပေါင်း သုံးသောင်းကျော်ရရှိပြီး ဖြစ်ပါတယ်။
အခုလောလောဆယ်မှာ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြီးခဲ့တဲ့ဇန်နဝါရီလက ပန်းတနော်မြို့နယ်၊ အောက်ကန်စွန်းတောရွာမှာ ခွင့်ပြုချက်မရဘဲ ဟောပြောပွဲကျင်းပတယ်ဆိုပြီး ပန်းတနော်မြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးထားပါတယ်။