မြန်မာပြည်သူများ၏ ဖြစ်ရပ်ကို နားထောင်ရန် ကုလ အထူးကိုယ်စားလှယ် အသင့်ရှိ
2011.02.28

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း သူဟာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေနဲ့ သွားရောက် တွေဆုံ့ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ မစ္စတာ ကင်တားနားကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |
ပြီးခဲ့တဲ့တပတ်က မလေးရှားနိုင်ငံကို သွားပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေအကြောင်း လေ့လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီတော့ မြန်မာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး မစ္စတာကင်တားနား ဘာတွေ့ရှိခဲ့လဲ ခင်ဗျ။
ကျွန်တော် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား တော်တော်များများကို တွေ့ခဲ့ရပါတယ်။ သူတို့က ကျွန်တော့်ကို ပြန်ပြောဖို့တောင် တော်တော်ခက်တဲ့ သူတို့ ဒေသမှာ ခံစားခဲ့ရတဲ့ အဖြစ်ဆိုးတွေ၊ အတွေ့အကြုံတွေ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ပြောပြပါတယ်။ ဒါကတခုပါ။ နောက်တခုက အဲလို အခြေအနေဆိုးတွေကြောင့် မြန်မာပြည်ကို စွန့်ခွာ ပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြပေမဲ့ အဲဒီနေရာတွေမှာလဲ အဆင်မပြေမှုတွေ သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေပေါ်မှာ ကျွမ်းကျင်သူတွေ လွှတ်ပြီး စောင့်ကြည့်ဖို့ ကျွန်တော် စဉ်းစားမိပါတယ်လို့ ပြောသွားပါတယ်။
မစ္စတာကင်တားနားအနေနဲ့ အဲဒီဒုက္ခသည်တွေအတွက် တခုခု ဆောင်ရွက်ပေးနိုင်မဲ့ နည်းလမ်းများ တွေ့ပါသလား။
ဟုတ်ကဲ့ မလေးရှားမှာ တွေ့ခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေ အတွက်ကတော့ ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လက်ခံဖို့ ကိစ္စပါ။ ခင်ဗျားသိတဲ့အတိုင်းပဲ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို မလေးရှားအစိုးရက လက်မှတ်ထိုးထားတာ မဟုတ်တော့ မြန်မာပြည်က ရောက်နေတဲ့ ဒုက္ခသည်တွေ အတွက် အခက်အခဲ ရှိနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ မလေးရှား အာဏာပိုင်တွေ ပေါင်းပြီး အဖြေတခုခု ရအောင် ရှာမှာပါ။ ဒါပေမဲ့ ကျွန်တော်ပြောနိုင်တာက ဒီလူတွေအတွက် လွယ်လွယ်ကူကူ ဖြေရှင်း ပေးနိုင်လိမ့်မယ် ဆိုတာတော့ မဟုတ်ပါဘူး။
နောက်တခု ကျွန်တော်မေးချင်တာက မစ္စတာကင်တားနားရဲ့ နောက်တခေါက် မြန်မာနိုင်ငံခရီးစဉ် အခြေအနေက ဘယ်လိုရှိပါလဲ၊ မြန်မာစစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပေးမဲ့ အခြေအနေ ရှိပါသလား။
မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်လေးစားပါတယ်။ ဒါပေမဲ့ လက်တလောမှာတော့ ရွေးကောက်ပွဲကိစ္စတွေ အကြောင်းပြပြီး သူတို့က ကျွန်တော့်ကို ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ထားပါတယ်။ ဒါကြောင့် လာမဲ့ တလအတွင်း မြန်မာနိုင်ငံကို ဝင်ခွင့်ရဖို့ နောက်တကြိမ် ကျွန်တော်တောင်းဆိုဦးမှာပါ။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံက လက်ရှိကာလ လူ့အခွင့်အရေး ဖြစ်ပေါ် တိုးတက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာချင်ပါသေးတယ်။
ဟိုတလောက မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ တွေအတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စေလွှတ်လေ့လာဖို့ မစ္စတာကင်တားနား တိုက်တွန်းဆောင်ရွက်နေတဲ့ကိစ္စ၊ အဲဒါ ဘယ်အခြေအနေ ရောက်နေပြီလဲခင်ဗျ။
ဟုတ်ပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံအစိုးရက အခု ပုံစံအသစ်တခု ဖြစ်နေပါတယ်။ တပြိုင်နက်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို တရားမျှတမှုနဲ့ တာဝန်ယူမှုရှိဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်။ တရားမျှတမှုနဲ့ တာဝန်ယူမှုဆိုတဲ့ သဘောက မြန်မာပြည်ကလူ့ အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ ရှာဖွေမဲ့ ကော်မရှင် ဖွဲ့ပြီး ဆောင်ရွက်ဖို့ကို ပြောတာပါ။ နောက်တခုက ဒီကိစ္စဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီက ဘယ်လို ဆုံးဖြတ်မလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။ ဒီနှစ်ထဲ ကျွန်တော် ကြိုးစားရမဲ့ ကိစ္စကတော့ မြန်မာ့အရေးပေါ်မှာ နိုင်ငံတကာက စိုက်လိုက်မတ်တတ် အာရုံစိုက် ကြိုးပမ်းလာအောင် လာမဲ့ မတ်လနဲ့ ဇွန်လ လူ့ အခွင့်အရေးကောင်စီ အစည်းအဝေးတွေမှာ တင်ပြဖို့ပါပဲ။ ထပ်ပြီးပြောရရင် တရားမျှတမှုနဲ့ တာဝန်ယူမှု ရှိရမယ်။ ကျွန်တော်ဆိုလိုတာက မြန်မာပြည်သူတွေဟာ နှစ်ပေါင်းများစွာ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်၊ ဒါကို တိတိကျကျ တင်ပြနိုင်ဖို့နဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ပါ။ အခုဆိုရင် လစ်ဗျားနိုင်ငံမှာ အစိုးရကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်နေတာကို အရေးယူဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောနေကြတယ်။ ဒီလိုအခြေအနေ ပေါ်မှာ ဥပမာထားပြီး မြန်မာနိုင်ငံအတွက် ဘယ်တော့ အရေးယူနိုင်မလဲ ဆိုတာ ကျွန်တော် တိတိကျကျ ပြောလို့မရသေးပါဘူး။
မစ္စတာကင်တာနား ဆောင်ရွက်နေတဲ့ မြန်မာ့ လူ့အခွင့်အရေးအတွက် အထောက်အကူ ဖြစ်အောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရက်တစ် အတိုက်အခံအဖွဲ့တွေ ပြည်သူတွေဆီက ဘယ်လို အကူအညီ လိုအပ်ပါသလဲ။
ကျွန်တော့်မှာ ဘယ်လို အကူအညီ လိုပါတယ်ဆိုတာ သူတို့ဆီကနေ တောင်းခွင့်မရှိပါဘူး။ ကျွန်တော့် တာဝန်က ပကတိ အခြေအနေကို လေ့လာပြီး ကုလသမဂ္ဂကို တင်ပြဖို့ပါ။ ဒီလိုတင်ပြနိုင်ဖို့အတွက် မြန်မာပြည်သူတွေက သူတို့ခံစားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျွန်တော့်ကို ပြောပြပါ။ ကျွန်တော်ဟာ အဲဒီဖြစ်ရပ်တွေကို နားထောင်ဖို့ အမြဲတမ်း အဆင်သင့် ရှိပါတယ်။