မကွေးနဲ့ ချင်းပြည်နယ်က မြို့နယ် ၁၁ ခုကို အင်တာနက်လိုင်းဖြတ်

2021.09.23
မကွေးနဲ့ ချင်းပြည်နယ်က မြို့နယ် ၁၁ ခုကို အင်တာနက်လိုင်းဖြတ် ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို တွေ့ရစဥ်
Photo: RFA

မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၁၁ မြို့နယ်ကို စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကစပြီး စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညနေ ၆ နာရီက စပြတ်တာ၊ ထင်ထားပြီးသားပါ၊ ဒေသခံ PDF အဖွဲ့တွေရဲ့ သတင်းတွေကို ပြည်သူတွေ မသိစေချင်လို့နေမှာပေါ့၊ ကျနော်တို့အတွက်ကတော့ ထူးပြီးပြဿနာမရှိပါဘူး” လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အင်တာနက်အဖြတ်ခံလိုက်ရတဲ့ မြို့တွေကတော့ မကွေးတိုင်းမှာ ဂန့်ဂေါ၊ မြိုင်၊ ထီးလင်းနဲ့ ချင်းပြည်နယ်မှာ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ မင်းတပ် စတဲ့ မြို့တွေဖြစ်ပါတယ်။

အများစုကတော့ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ မြို့နယ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ဘက်က ဘယ်လောက်အထိ ယုတ်မာနိုင်မလဲ၊ မြန်မာပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေ ရတာကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေပါနဲ့လို့ပဲ ပြောချင်ပါတယ်” လို့ ဂန့်ဂေါမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ အင်တာနက်ဖြတ်ခံလိုက်ရတဲ့ မြို့တွေထဲက တချို့မြို့တွေကတော့ အင်တာနက်အမြန်နှုန်း 2G နဲ့ 3G ရနေသေးပေမယ့် အချို့မြို့တွေမှာတော့ ဖုန်းပြောဖို့ပါ အခက်အခဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကလည်း စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့တွေကို အင်တာနက် 3G အမြန်နှုန်း၊ 4G နဲ့ WTTH (Broadband) တွေကို ပိတ်ထားဖို့ စစ်ကောင်စီက ဆက်သွယ်ရေးအော်ပရေတာ အားလုံးကို ညွှန်ကြားခဲ့တယ်လို့ မကွေးတိုင်းထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆက်သွယ်ရေးဝန်ထမ်း တစ်ယောက်က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။