ဒေါ်စုစုလွင်နေရာကို အစားထိုးတာဝန်ပေး


2016.03.31
htinkyaw-susulwin-620.jpg နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် တို့ကို မတ်လ ၃ဝ ရက်နေ့က နေပြည်တော်မှာတွေ့ရစဉ်
Photo: Myo Thant Khaing/RFA

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် တာဝန်ယူခဲ့တဲ့ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ တာဝန်ကို ဝါးခယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်းနဲ့ အစားထိုး တာဝန်ပေးအပ်လိုက်ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တာဝန်ပြောင်းလဲဖွဲ့စည်းတာကို အတည်ပြုကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။

"ပြည်သူ့လွှတ်တော်တွင် ၁၇၊ ၂၊ ၂ဝ၁၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့  နိုင်ငံတကာဆက်ဆံရေးကော် မတီဥက္ကဌ ဒေါ်စုစုလွင် သုံးခွမဲဆန္ဒနယ်အစား အဖွဲ့ဝင် ဦးဇော်သိန်း ဝါးခယ်မ မဲဆန္ဒနယ်အား ဥက္ကဌ အဖြစ် ပြောင်းလဲဖွဲ့စည်းမှာဖြစ်ပါတယ်၊ ဒါ့ကြောင့်  နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဌ ပြောင်းလဲ ဖွဲ့စည်းခြင်းကို အတည်ပြုရန် လွှတ်တော်က သဘောတူပါသလား ခင်ဗျား၊ သဘောတူပါသလား ခင်ဗျား၊ သဘောတူပါသလား ခင်ဗျား၊ လွှတ်တော်က သဘောတူတဲ့အတွက်  နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ပြောင်းလဲဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်"

ဒေါ်စုစုလွင်ဟာ သမ္မတကတော်ဖြစ်တဲ့အတွက် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက် မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် သူ့အနေနဲ့ အတည်မပြုနိုင်ကြောင်း ကော်မတီဥက္ကဌအဖြစ် တာဝန်ပေးခံရတဲ့ ဦးဇော်သိန်းက ပြောပါတယ်။

"အားလုံးပဲသိတဲ့အတိုင်း သမ္မတကြီးကတော်အနေနဲ့ အလုပ်တွေများမှာပေါ့၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဌ ဆက်ပြီးတော့ တာဝန်ယူနိုင်မှာ မဟုတ်ဘူး၊ ဒီတာဝန်ကလည်း အမြဲတမ်း နိုင်ငံတကာဧည့်သည်တွေနဲ့ တွေ့နေတာဆိုတော့ ဆက်မလုပ်နိုင်တော့ ကျနော့်ကို လွှဲပေးလိုက်တဲ့သဘောပါ"

ဒေါ်စုစုလွင်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။

အခုကော်မတီ ဥက္ကဌတာဝန်ယူမယ့် ဦးဇော်သိန်းဟာ ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။