သဘာဝဘေးများကြောင့် လူ နှစ်သိန်း ဒုက္ခရောက်ခဲ့ရ


2014.10.13
international-disaster-reduction-day-75.jpg အောက်တိုဘာလ ၁၃ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်စဉ်
Photo: Kyaw Myo Min/RFA

မြန်မာနိုင်ငံမှာ ၂ဝ၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း ဖြစ်ပွားခဲ့ တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူဦးရေနှစ် သိန်းနီးပါး ဒုက္ခရောက်ခဲ့ရပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်းကိုးရာကျော် ပျက်စီးဆုံးရံှုးခဲ့ရတယ်လို့ ကချင်ပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်နိုင် က ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ဒီကနေ့ပြုလုပ်တဲ့ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနေ့ အခမ်းအနားမှာ ပြည်နယ်သစ်တောနဲ့ သတ္တုဝန်ကြီးက အခုလိုပြောသွားတာပါ။

"ယနေ့ နိုင်ငံများမှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတို့ရဲ့ ဆိုးကျိုးသက်ရောက်မှုများကို ရင်ဆိုင်တွေ့ကြုံ ခံစားနေရတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍရေးနှစ်အတွင်း ဘေးအန္တရာယ် ၃၆ဝ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်လူဦးရေ ၁၇၄၃၅၈ ဦး ရှိခဲ့ပါတယ်၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဂ၅၃.၃၉ ကျပ်သန်းရှိခဲ့တာကို တွေ့ရပါတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လောက်အဟန့်အတား ဖြစ်စေတယ် ဆိုတာကို ခန့်မှန်းလို့ရမှာဖြစ်ပါတယ်"

ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတု တနေ့တခြား ဖောက်ပြန်လာနေပြီး အာဆီယံဒေသမှာ အခုနှစ်အတွင်း ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် ၁၄ ကြိမ် ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ သဘာဝဘေးအန္တရာယ်တွေကြောင့် လူပေါင်း ၂သောင်းကျော် သေဆုံးခဲ့ပြီး ပျက်စီးဆုံးရံှုးမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ နှစ်ရာနီးပါးရှိတယ်လို့ သိရပါတယ်။

သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေ ကျယ်ပြန့်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်းမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းတွေ ဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် လျော့ပါးရေးနေ့ အခမ်းအနားအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပေးပို့တဲ့သဝဏ်လွှာကို ကချင်ပြည်နယ် UNDP တာဝန်ခံ Mr. Tshiband က ဖတ်ကြားခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီကနေ့ပြုလုပ်တဲ့ အခမ်းအနားကို ဆရာ၊ ဆရာမတွေ ကျောင်းသူ၊ ကျောင်းသားတွေ နဲ့ ပြည်တွင်း ပြည်ပ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် စုစုပေါင်း ၁ဝဝ ခန့် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။