ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် MJA အသင်း ဥက္ကဌနဲ့ တွေ့ဆုံ
2014.08.17

အကျဉ်းကျခံနေရတဲ့ သတင်းသမားတွေအရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖြေရှင်းပေးမယ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ မြန်မာနိုင်ငံသတင်းစာဆရာ တာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA ရုံးခန်း မှာ ပြန်ကြာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နဲ့ တွေ့ဆုံခဲ့တဲ့ MJA ဥက္ကဌ ဦးကိုကို(စက်မှု)က အခုလိုပြောပါတယ်။
"အကျဉ်းချခံနေရတဲ့လူတွေကိစ္စ၊ နောက်တခါ ပုဒ်မ ၁၈ နဲ့တရားစွဲခံထားရတဲ့လူတွေကိစ္စ၊ အဲ့ဒါတွေလည်း သူ ညှိနှှိုင်းဆောင်ရွက်ပေး မယ်၊ လောလောဆယ်တော့ သူ ထုတ်ဖော် မပြောနိုင်သေးဘူးပေါ့နော်၊ သူ ရန်ကုန်ကို လာတာလည်း ကျနော်တို့ သိထားရသလောက်လည်း အဲ့ဒီကိစ္စလေးတွေဆောင်ရွက်ဖို့ ဆိုတာလည်း ကျနော်တို့ သိထားရပါတယ်၊ ပြည်ထောင်စုဝန်ကြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူလုပ်နိုင်တဲ့ ကိစ္စတော်တော်များများကိုတော့ သူ ဆောင်ရွက်ပေးမယ်လို့ သူ ပြောပါတယ်"
ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA က အစိုးရဌာနတွေနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို အချိန်နဲ့ တပြေးညီရရှိဖို့ ခက်ခဲကြောင်း၊ အစိုးရဌာနတွေအနေနဲ့ သတင်းစာရှင်းလင်းပွဲတွေ ပုံမှန်ပြုလုပ်ပေးဖို့ ပြန်ကြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကသတင်းသမားအဖွဲ့တွေနဲ့ ပူးတွဲဆောင်ရွက်လိုကြောင်းနဲ့ အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကြား အထက်အောက်ဆက်ဆံရေးမျိုး မသွားလိုကြောင်း ဦးရဲထွဋ်က ပြောခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဦးကိုကို(စက်မှု)ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။